နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုလ်ခဲ့သည့်အလောင်းကို တူးဖော်စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်

နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုလ်ခဲ့သည့်အလောင်းကို တူးဖော်စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်

ရေတာရှည်မြို့နယ်တွင် နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုလ်ခဲ့သည့် အလောင်းကို ပြန်လည်တူးဖော်စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်ခဲ့ကြောင်း  မေ ၂၈ ရက်က ရေတာရှည်မြို့မရဲစခန်းမှ သိရသည်။

တောင်ငူခရိုင် ရေတာရှည်မြို့နယ်နေ မနော်လားဖော်ဖာက ရေတာရှည်မြို့မရဲစခန်းသို့ မေ ၂၇ ရက်တွင် တိုင်ကြားရာ၌  မေ ၂၆ ရက် နံနက် ၆ နာရီ အချိန်ခန့်က စကွေးအုပ်စု အောင်ချမ်းသာကျေးရွာ အရှေ့တောင်ဘက် တစ်မိုင်ခွဲခန့်ရှိ ယာပဲခင်းစောင့်နေသူ ဖခင် ဦးစောလှမူး(၆၂)နှစ်မှာ တဲပေါ်တွင် ဦးခေါင်းသွေးထွက်ဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
မိခင်ဖြစ်သူကို မေးမြန်းရာ တဲပေါ်မှပြုတ်ကျသည့် ဒဏ်ရာဖြစ်သောကြောင့် နေချင်းပြီးမြေမြုပ်သင်္ဂြိုလ်ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စကို မသင်္ကာသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ရေတာရှည်မြို့မရဲစခန်းမှ တာဝန်ရှိသူများက သေဆုံးသူ ဦးစောလှမူး ၏ အလောင်းမြှုပ်နှံထားသည့် အခင်းဖြစ်နေအိမ်နှင့် ချောင်းတစ်ဖက်တောင်ကြားအတွင်းမှ ပြန်လည်ဖော်ယူ စစ်ဆေးခဲ့ရာ သေဆုံးသူတွင် နဖူးပေါက်ပြဲဒဏ်ရာ ၂ ချက်ရရှိထားသည်ကို တွေ့ရှိသဖြင့်  သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်အေးမြင့်ကို စစ်ဆေးခဲ့ရာ ၄င်းနှင့် လူမှုရေးဖောက်ပြန်နေသည့် တစ်ရွာတည်းနေ ဖားစံမြင့် (၃၈)နှစ် က တုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ရေတာရှည်မြို့မရဲစခန်းက ဖားစံမြင့်ကို ဆက်လက်ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။