မလေးရှားနိုင်ငံတွင် သိမ်းဆည်းရမိခဲ့သည့် လက်ဖက်ခြောက်ထုပ်များအဖြစ် အသွင်ပြောင်းထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး သက်ဆိုင်ရာက သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမူးယစ်တပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
ရန်ကုန်ဆိပ်ကမ်းမှ မလေးရှား ကလန်ဆိပ်ကမ်းသို့ မေ ၂၂ ရက်က လက်ဖက်ခြောက်ထုပ်များ အဖြစ်တင်ပို့ခဲ့သည့် ကုန်သေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးဝါး ရေခဲ (Crystal Meth) အလေးချိန် ၁ ဒသမ ၂ တန် ကာလတန်ဖိုး စင်ကာ ပူဒေါ်လာ ၂၃ ဒသမ ၉ သန်း ဝန်းကျင်ကို ဖမ်းဆီးရမိခဲ့မှုနှင့်ပတ်သက်၍ မလေးရှားအကောက်ခွန်ဌာနက မလေးရှား မူးယစ်ဆေးဝါးနှိမ်နှင်း ရေးတပ်ဖွဲ့ ရုံးချုပ်တွင် မေ ၂၈ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
သိမ်းဆည်းရမိသည့်ရွှေရောင်လက်ဖက်ခြောက်ထုပ်များအတွင်းထည့်သွင်းထားသည့်မူးယစ်ဆေးဝါးများကို ကွာလာလမ်ပူအခြေစိုက် ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုသို့ စားသောက်ကုန်အဖြစ်ဖြင့် တင်ပို့ ခဲ့ခြင်းဖြစ်ကြောင်း မလေးရှား အကောက်ခွန်ဌာနမှ ညွှန်ကြား ရေးမှူးချုပ် စူဘရာမာနီယန်က ပြော သည်။
“ကျွန်တော်တို့ စုံစမ်းထောက်လှမ်းမှုတွေ ဆက်လက်ပြီးလုပ်ဆောင်နေပါတယ်။ ဒီက မူးယစ်ဂိုဏ်းနဲ့ မြန်မာနိုင်ငံဘက်က မူးယစ်ဂိုဏ်း ချိတ်ဆက်ပြီး ကုန်ကူးကြတာလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု စူဘရာမာနီယန်က ပြောသည်။
ထိုသို့ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ သံသယရှိသူ မြန်မာနိုင်ငံသား ၃ ဦးနှင့် မလေးရှားနိုင်ငံသား ၃ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့သည်။
'' ဒီကိစ္စကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါပြီ။ စုံစမ်းစစ်ဆေးပြီးရင် ထုတ်ပြန်ပေးသွားပါလိမ့်မယ်။ လောလောဆယ် စစ်ဆေးတုန်းမို့ ပြောလို့မရသေးဘူး" ဟု မူးယစ်တပ်ဖွဲ့ (ရန်ကုန်)ရဲမှူးတစ်ဦးက မေ ၂၉ ရက်က ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများအပြင် ဘိန်းဖြူ အနည်းအကျဉ်းနှင့် အကောက်ခွန်မဲ့ စီးကရက် ၁ သန်းခန့် ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း မလေးရှား အကောက်ခွန်ဌာနမှ ညွှန်ကြားရေးမှူးချုပ်က ထည့် သွင်းပြောကြားခဲ့သည်။
'' ဆိပ်ကမ်းကထွက်တဲ့ ကုန်ကို အကောက်ခွန်ဌာနက စစ်ဆေးတယ်။ သူတို့ စစ်ဆေးပြီးမှ ဆိပ်ကမ်း ကထုတ်လို့ရတာ။ ကျွန်တော်တို့က လိုင်စင်ထုတ်ပေးတဲ့ ဌာနပါ။ တချို့ပစ္စည်းတွေမှာ လိုင်စင်မယူ ရတဲ့ပစ္စည်းတွေရှိတယ်။ ဘယ်ကုမ္မဏီက တင် သွင်းတာလဲ ဆိုတာ အတိအကျသိမှ လိုင်စင်ယူရလား မယူရဘူးလားဆိုတာပြောလို့ရမယ်။ အခြား နိုင်ငံကတင်သွင်းလိုက်တဲ့ ပစ္စည်းတွေကို သင်္ဘောပေါ်က ကျတဲ့ဟာကိုလည်း အကောက်ခွန်စစ်ဆေးပြီမှသာအပြင်ကိုထုတ်ယူလို့ရတယ်" ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကမေ ၂၉ ရက်ကပြောသည်။
ယခုလပိုင်းများအတွင်း အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှတစ်ခွင် စိတ်ကြွရူးသွပ်ဆေးဝါးများ အများအပြားဖမ်းဆီးရမိနေချိန်တွင် မလေးရှား၌ ယခုကဲ့သို့ ထပ်မံဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNDO)၏ ၂၀၁၇ အစီရင်ခံ စာအရ မက်သာဖက်တမင်းသည် ယနေ့ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက် မှုဖြစ်ကြောင်းဆိုသည်။
'' တရားဝင်လိုင်စင်နဲ့ထွက်တာလား မထွက်တာလားဆိုတာ တော့မသိသေးဘူး။ တရားဝင်ထွက်ရင် ကျွန်တော်တို့ အကောက်ခွန်နဲ့ဆိုင်တယ်။ တရားဝင်ညွှန်ကြားချက်တော့ ကျွန်တော်တို့ဆီမရောက် သေးပါဘူး" ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် ကပြော သည်။















