အကြားအမြင်ပါရမီရှင် ယောဂီဒေါ်နန္ဒမာလာက သိန်း၁၀၅၀ ကိုလိမ်လည်ခဲ့သည်ဆိုမှုဖြင့် မေ ၂၉ ရက်နေ့က အမှုဖွင့်တိုင်ကြားထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါနေ့ ည ၇နာရီ ၂၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်နေ ဒေါ်သန္တာဦး က တိုင်ကြားရာတွင်မင်္ဂလာဒုံမြို့နယ်တွင် ဖွင့်လှစ် ထားသော ဒေါ်နန္ဒမာလာ(စုံစမ်းဆဲ)၏ ဗေဒဟာခန်းတွင် ခင်ပွန်း ဖြစ်သူနှင့်အတူ ဗေဒင်ကြည့်ရန် သွားရောက်မေးမြန်းခဲ့သည်။
ဒေါ်နန္ဒမာလာမှ အပေါင် လုပ်ငန်းလုပ်ကိုင်လိုလျှင် ငွေစုငွေချေးလုပ်ငန်း၌ အပေါင်ပစ္စည်းပေးစရာမလိုဘဲ ငွေချေးနိုင်ကြောင်း၊ အဆိုပါချေးငွေလုပ်ငန်းလုပ်ကိုင်သည့် ဦးပိုင်ကုမ္ပဏီနှင့် ဆက်စပ်ပြီး အသင်းသို့ ငွေ ၁ ဆ ပေးသွင်း ပြီးပါက ၂ ဆ ချေးငွေရရှိမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ အဆိုပါငွေကို ငွေစုငွေချေးအသင်းသို့ ချေးငွေပေးသွင်းသည့် နေ့မှစ၍(၄၅)ရက်အကြာချေးငွေနှင့် အရင်းကိုပေါင်းကာ ပြန်လည်ထုတ်ယူရမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆို၍ ချေးငွေထုတ်ယူလိုပါက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့အပြီး ငွေများ အား ပေးသွင်းရမည်ဖြစ်ကြောင်း၊ သိန်း ၅၀ဝ ကျပ် အပိုရအောင်လည်း ပြောဆိုဆောင်ရွက်ပေး မည်ဖြစ်ကြောင်းပြောဆိုုခဲ့သည်။
ဦးပိုင်လက်အောက်ရှိ ငွေစုငွေချေးလုပ်ငန်များတွင် ဒေါ်နန္ဒမာလာ မှာ ပြောရေး ဆိုခွင့်ရှိသူဖြစ်ပြီး ချေးငွေကို(၄၅)ရက်အတွင်းပေးချေရမည်ဖြစ်ကြောင်း၊ အတိုးနှုန်း ၁ ရာခိုင်နှုန်း နှင့် ချေးငွေထုတ်ယူသည့်နေ့မှစ၍(၃)လတစ်ကြိမ် အတိုးပေးရမည်ဖြစ်ကြောင်း၊ (၃) နှစ်ပြည့်လျှင် ချေးငွေထုတ်ယူသည့်နေ့မှစ၍ (၃)လတစ်ကြိမ် အတိုးပေးရမည်ဖြစ်ကြောင်းနှင့် ချေးငွေ ပြန်ဆပ်ရ မည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။
ဒေါ်သန္တာဦးက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ဒီဇင်ဘာလ ၁/၂ ရက်နေ့၊ ဒေါ်သန္တာဦး၏ Mobile Banking၊ ဒေါ်နန္ဒမာလာ၏ နေအိမ်ဟောခန်း တို့တွင် စုစုပေါင်း ငွေသိန်း ၁၀ဝ၀ ကျပ်အား ၎င်း၏အမည်ဖြင့် အကြိမ်ကြိမ် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေါ်သန္တာဦးမှ ဒေါ်နန္ဒမာလာအား လက်ခံထားသည့် စာချုပ်တွင် ၎င်းကိုယ်တိုင် နေအိမ်ဟောခန်း၌ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဒေါ်နန္ဒမာလာမှ ချေးငွေအမြန်ချပေး နိုင်ရေးအတွက် သိန်း ၅၀ ကန်တော့ရမည်ဟုပြောသဖြင့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဒေါ်သန္တာဦးမှ ငွေသိန်း ၅၀ ကျပ်အား ဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ပြီး ၄၅ ရက်ကြာသည်အထိ စောင့်ဆိုင်းခဲ့ သော်လည်း ငွေသိန်း ၂၅၀ဝ ကျပ်အား မရရှိသဖြင့် ဒေါ်နန္ဒမာလာထံ အကြိမ်ကြိမ်သွားရောက် ခဲ့သော်လည်း ယနေ့အထိ ငွေပြန်ပေးအပ်ခြင်းမရှိသောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၄၈၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် ဒေါ်နန္ဒမာလာကိုစစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိသည်။
















