မန္တလေးမြို့တွင်းမြို့နယ်များရှိ နေအိမ်ခြံဝင်းတံခါးသော့များကို ကတ်တာဖြင့် ဖြတ်တောက်ကာ ခြံဝင်းအတွင်းမှ ဆိုင်ကယ်များ အုပ်စုဖွဲ့ခိုးယူခဲ့သည်ဆိုသူ များကို သက်ဆိုင်ရာက မေ ၂၉ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှသိရသည်။
အဆိုပါနေ့ ည ၁၁ နာရီ အချိန်ခန့်တွင် မတ္တရာမြို့မရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ်ထွန်းဝင်း အဖွဲ့နှင့်ပူးပေါင်းက အမှုဖွင့်တိုင်ကြားထားသည့် ခိုးယူခံရ သည့်ဆိုင်ကယ်နှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသူ မတ္တရာမြို့နေပိုင်စည်သူ(ခ)ပိုင်ကြီး၊ (၂၀)နှစ် နှင့် နို့စို့(ခ)အငယ်လေး၊ (၁၉)နှစ်တို့ကို ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။
၄င်းတို့ထံမှသိမ်းဆည်းရမိခဲ့သည့် ဆိုင်ကယ်မှာ မေလ ၁၉ရက်နေ့ ည ၇နာရီအချိန်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈လမ်း၊ ၇၆×၇၇လမ်းကြားရှိနေအိမ်ခြံဝင်းတံခါးသော့ကို ကတ်တာဖြင့် ဖြတ် တောက်ကာ ခိုးယူခဲ့သည့် ဆိုင်ကယ်ဖြစ်ကြောင်း စီစီတီဗီမှတ်တမ်းများအရ သိရပြီး အဆိုပါ ခိုးယူမှုတွင် လူငယ် ၅ ဦးပါဝင်ခဲ့ကြောင်း မှတ်တမ်းအရ အမှတ်(၈)မြို့မရဲစခန်းက(ပ)၃၀ဝ/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူခဲ့သည်။
ဖမ်းဆီးရမိသူ ၂ ဦးကို မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်ထင်လင်းကျော် နှင့်အဖွဲ့က စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်ကို မေလ ၂၀ရက်နေ့ နံနက် ၃နာရီအချိန်ခန့်တွင် အမှတ်(၅) ရပ်ကွက်နေသူများဖြစ်သည့် အောင်ကျော်ဦး၊ ငစန်း၊ အမှတ်(၄)ရပ်ကွက်နေ ငပန့်တို့နှင့်အတူ ခိုးယူခဲ့ ကြောင်း ထွက်ဆိုခဲ့သည်။
၄င်းတို့၏ ထွက်ဆိုချက်များအရ အမှုတွင်ပါဝင်သူ ဒိုးဒိုး(ခ)သူရိန်ကောင်းကင်ကြည်၊ (၁၉)နှစ်၊ တုံးတိ(ခ)ကျော်ကျော်ထွန်း(၁၉)နှစ်၊ ဘိုဝင်းအေး၊ (၁၉)နှစ် တို့ကို ဆက်လက်ဖမ်းဆီးခဲ့ပြီး ခိုးယူခဲ့သည်ဆိုသည့် ဆိုင်ကယ်(၅)စီး ထပ်မံသိမ်းဆည်းရမိသောကြောင့် ဆက်လက်အရေးယူထား သည်။

















