တရားခံပြေးဖမ်းဆီးသည်ကို မကျေနပ်သူများကို တုတ်ဓါတို့ဖြင့်ပြန်လည်ခုခံသောကြောင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်စဉ် လူတစ်ဦးသေဆုံး

တရားခံပြေးဖမ်းဆီးသည်ကို မကျေနပ်သူများကို တုတ်ဓါတို့ဖြင့်ပြန်လည်ခုခံသောကြောင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်စဉ် လူတစ်ဦးသေဆုံး

မန္တလေးမြို့ အမရပူရမြို့နယ်တွင် တရားခံပြေးဖမ်းဆီးသည်ကို မကျေနပ်သဖြင့် တုတ်ဓါး လက်နက် များဖြင့် ခုခံခဲ့သောကြောင့် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ထိန်းသိမ်းစဉ် လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိမှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှသိရသည်။

မေ ၃၁ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် မန္တလေးမြို့ အမရပူရမြို့နယ်၊ စွယ်တော်ကားကြီး ကွင်းအရှေ့ဘက် ၆၂ လမ်းမကြီးပေါ်တွင် လူငယ် ၂၀ ဦးခန့်သည် ဓားရှည်များကိုင်ဆောင်ကာ ရမ်း ကား နေကြောင်း သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

စုံစမ်းချက်အရ မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်အောင်ကိုဝင်းနှင့်အဖွဲ့က အောင်မြေသာစံမြို့မရဲစခန်း (ပ)၁၉၅/၁၈၊ ရဇသတ်ကြီးပုဒ်မ ၃၈၆ မှ ၃၉၅/ကျင့်၅၁၂ အရ တရားစွဲတင်ထားသောအမှုမှ တရားခံပြေး ကျော်ကျော်(ခ) မင်းသိန်း (ခ) ကျားပေါက် (ခ) ပေါက်စ နှင့် အောင်ကျော်(ခ) ဂျီဆက်တို့ နှစ်ဦးသည် ၆၆×၆၇လမ်းကြား၊ B လမ်းရှိ ထမင်းဆိုင်တွင် ရောက်ရှိနေကြောင်းသတင်းအရသွားရောက်ဖမ်းဆီးခဲ့သည်။

အဆိုပါနေရာတွင် ၄င်းတို့ကို မတွေ့ရှိဘဲ စွယ်တော်ကားကြီးကွင်းအရှေ့ဘက် ၆၂ လမ်းမကြီးပေါ်တွင် ကျော်ကျော်(ခ) မင်းသိန်း(ခ) ကျားပေါက်(ခ)ပေါက်စ နှင့် အောင်ကျော်(ခ) ဂျီဆက်တို့ ၂ ဦးကို တွေ့ရှိဖမ်းဆီးစဉ် လူငယ် ၂၀ ဦးခန့်က မကျေနပ်သဖြင့် ဓားရှည်များကိုင်ဆောင်ကာ ရမ်းကားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ည ၁၀နာရီခွဲ အချိန်ခန့်တွင် မြစ်ငယ်ရဲစခန်းမှ ဒုရဲအုပ် သူရအောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် ၈ဦးသည် MA-13 ၃ လက်၊ ၎င်းကျည် ၃၀တောင့်နှင့်အတူ သွားရောက် ရှင်းလင်းရာ အဆိုပါလူငယ်အဖွဲ့မှ ပြန်လည်ခုခံရန်ပြုသဖြင့် ဒုရဲအုပ် သူရအောင်မှ MA-13 ဖြင့် ၁ ချက်၊ ရဲတပ်ကြပ်သက်နိုင်မှ MA-13 ဖြင့် ၃ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်ခြောက်လှန့်စဉ် ပြည်ကြီးတံခွန်မြို့နယ်နေ ငဆက်(ခ)ဟိန်းမင်းဆက် ၂၄ နှစ် တွင် လည်ပင်းနှင့် ကျောကုန်းတွင် ပေါက်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ စိုင်းထူးအောင် ၂၃ နှစ်မှာ ပါးပေါက်ဒဏ်ရာရရှိခဲ့ရာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထား ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ထားသည်။