မင်္ဂလာဒုံမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ်အရက်တုများ အတုပြုလုပ်၍ သိုလှောင် ရောင်းချသူများကို ဖမ်းမိ

မင်္ဂလာဒုံမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ်အရက်တုများ အတုပြုလုပ်၍ သိုလှောင် ရောင်းချသူများကို ဖမ်းမိ

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားဖြစ်အရက်တုမျိုးစုံကို အတုပြု လုပ်ကာ သိုလှောင်ရောင်းချ သူများကို ရဲတပ်ဖွဲ့က ဇွန် ၁ ရက်ကဖမ်းဆီး အရေးယူခဲ့သည်။ 

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များသည် ဇွန် ၁ ရက်မွန်းလွဲ ၁ နာရီအချိန်တွင် ထန်းတပင်မြို့နယ်၊ပေါက်တန်းကျေးရွာကွက်သစ်နေသူများဖြစ် သည့် အောင်စိုး၊ (၂၅)နှစ်နှင့် မျိုးတင့်၊ (၁၉)နှစ်တို့၏ နေအိမ်တွင် နိုင်ငံခြားဖြစ်အရက်များကို အတုပြုလုပ်ကာ သိုလှောင် ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့သည်။ 
၄င်းတို့ထံမှGiang Master တံဆိပ် အရက် ဖာ(၄)ဖာ၊ Black Label တံဆိပ်အရက်ဖာ (၂)ဖာ၊ Ballantines တံဆိပ်အရက်ဖာ (၁)ဖာ၊ Red Label တံဆိပ်အရက်ဖာ (၂)ဖာ၊ kingdon တံဆိပ် အရက်ဖာ (၆)ဖာ၊ ပုလင်းခွံနှင့် ပုလင်းအဖုံးခွံများနှင့် အရက်ရောစပ်ရာတွင်အသုံးပြုသည့် စပ်ဆက်ပစ္စည်းများအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 
ထိုနည်းတူ ညနေ ၄ နာရီခွဲအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြသီတာရပ်ကွက်ရှိ မျိုးမြင့်ခိုင်(ခ)ကိုမျိုး၊ (၃၆)နှစ်၏ နေအိမ်တွင် နိုင်ငံခြားဖြစ် အရက်မျိုးစုံကို အတုပြုလုပ်ကာ သိုလှောင်ရောင်းချနေကြောင်း သတင်းအရ သက်သေ များနှင့်အတူ အဆိုပါနေအိမ်သို့ သွားရောက်ရှာဖွေခဲ့သည်။ 
၎င်းနေအိမ်၏ဂိုဒေါင်အတွင်း မြေအောက်ခန်းနှင့် ဂိုဒေါင် အတွင်းခန်းတို့မှ kingdonတံဆိပ် အရက်ဖာ (၉)ဖာနှင့် ပုလင်းခွံ (၂၀)လုံး၊ Giang Master တံဆိပ်အရက်ဖာ(၂)ဖာ၊ Donfife တံဆိပ် အရက်ဖာ(၄)ဖာနှင့် ပုလင်းခွံ (၃၀)လုံး၊ Red Label တံဆိပ် အရက်ဖာ (၃)ဖာ၊ B&G တံဆိပ်အရက်ဖာ (၂)ဖာ၊ Sired Wards တံဆိပ် အရက်ဖာ (၁)ဖာ၊ ပုလင်းအဖုံးခွံများ၊ အရက်ရောစပ်ရာတွင်အသုံးပြုသည့် စပ်ဆက် ပစ္စည်းများ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 
ယင်းသို့ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မျိုးမြင့်ခိုင်(ခ)ကိုမျိုးအား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်း(ပ)၅၄၇/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၈၆ အရလည်းကောင်း၊ အောင်စိုး၊ မျိုးတင့်တို့နှစ်ဦးအား ထန်း တပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း(ပ)၁၉၇/၁၈၊ ရာဇသတ် ကြီးဥပဒေပုဒ်မ ၄၂၀/၄၈၆ အရလည်းကောင်း အသီးသီးအမှုဖွင့်အရေးယူခဲ့သည်။