အငှားယာဉ်ကို လုယူမောင်းနှင်သွားသူနှစ်ဦးအား လှိုင်သာယာမြို့ နယ် ရဲတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇွန် ၃ ရက်ည ၁၀ နာရီခွဲအချိန်တွင် မင်္ဂလာဒုံမြို့နယ်နေ အသက် ၅၂ နှစ်အရွယ် ယာဉ်မောင်းသည် ၄င်းမောင်းနှင်သည့် ပရိုဘောက် အငှားယာဉ်ကို မောင်းနှင်လာစဉ် အလုံမြို့နယ်၊ သစ်တောမှတ်တိုင်အနီးအရောက် အမည်မသိ အမျိုးသားနှစ်ဦးက လှိုင်သာယာမြို့နယ်၊ သမကုန်းသို့ ငွေ ၅၀ဝ၀ ကျပ်ဖြင့် ငှားရမ်း၍ လိုက် ပါပို့ဆောင် ခဲ့သည်။
ထိုသို့ပို့ဆောင်စဉ် လှိုင်သာယာမြို့နယ်၊အနော်ရထာလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်အရောက်တွင် ယာဉ်၏နောက်ခန်းမှ လိုက်ပါလာသူ အမျိုးသားက ယာဉ်မောင်း၏ လည်ပင်းကို သိုင်းဖက်ကာ ရှေ့ခန်းတွင် လိုက်ပါလာသူ အမျိုးသားက ကားသော့ကို ပိတ်ပြီး ယာဉ်မောင်းကို ဆင်းခိုင်း၍ကားကိုမောင်းနှင်လုယူသွားခဲ့သောကြောင့် အရေးယူပေးရန်သက်ဆိုင်ရာသို့ ယာဉ်မောင်းက တိုင်ကြားခဲ့သည်။
လှိုင်သာ ယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်း(ပ) ၅၉၄/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ အရ အမှုဖွင့် စုံစမ်းခဲ့သည်။
အငှားယာဉ်လုယူခံရမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စုံစမ်း ဆောင် ရွက်ခဲ့ရာ အဆိုပါ အငှားယာဉ်မှာ တိုက်ကြီးမြို့နယ်ဘက်သို့ မောင်းနှင်သွားကြောင်း စုံစမ်းသိရှိခဲ့ သဖြင့် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ဖမ်းဆီးခဲ့ရာ ယနေ့ ဇွန် ၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ် အချိန်တွင် ယာဉ်လုယူသူ လှိုင်သာ ယာမြို့ နယ် နေသူများ ဖြစ်သည့် သန့်ဇင် (၂၄)နှစ်နှင့်အောင်သော်ကို (၂၇)နှစ် တို့ကို လုယူခဲ့သည့် အငှား ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ သန့်ဇင်နှင့် အောင်သော်ကို တို့နှစ်ဦးအား အခြားပြစ်မှုများကျူး လွန် ထားခြင်း ရှိ မရှိ တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်းနှင့် ဥပဒေနှင့် အညီထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။

















