မှော်ဘီမြို့ ဆပ်သွားတောကျေးရွာအုပ်စုတွင် ကုန်စိမ်းတင်ဟိုင်းလတ်ယာဉ်နှင့် ဝန်ထမ်းကြို ဖယ်ရီယာဉ်တို့ တိုက်မိရာက လူ ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် မှော်ဘီမြို့မြင့်မြတ်စေတနာပရဟိတအသင်း ဒုဥက္ကဌက ပြောသည်။
ဇွန် ၄ ရက် နံနက် ၁၂ နာရီခွဲအချိန်ခန့်တွင် မှော်ဘီမြို့ ဆပ်သွားတောကျေးရွာအုပ်စု ဘုန်းကြီး ကျောင်းမှတ်တိုင်နှင့် မိန်းမလိုင်းမှတ်တိုင်ကြား စံပယ်လမ်းအနီးအရောက် မှော်ဘီဘက်မှ ကုန်စိမ်းများတင်ဆောင်လာသည့် ဟိုင်းလတ်ယာဉ်နှင့် ထောက်ကြန့်ဘက်မှ ဖယ်ရီပို့ဆောင်ရန် ထွက်ခွာလာသည့်ယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။
" ဒီကိစ္စယာဉ်မှုစစ်က အမှုစစ်ဆေးတာဖြစ်ပါတယ်။ အကြောင်းစုံကို သူတို့ကို မေးမြန်းမှသိမှာပါ။ အမှုကို စခန်းကဖွင့်ပေးတာပါ" ဟု မှော်ဘီမြို့မရဲစခန်းက တာဝန်ကျ အရာရှိတစ်ဦးက မေ ၄ ရက်က ပြောသည်။
ယာဉ်တိုက်မှုကြောင့် ဟိုင်းလတ်ယာဉ်ပေါ်ပါ အမျိုးသား ၃ဦးမှာ ခန္ဓာကိုယ်တွင်ထိခိုက်ဒဏ်ရာ များပြင်းထန်စွာရရှိခဲ့ပြီး ဦးခေါင်း ၃ လုံးပြတ်သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ခရီးသည်တင်ယာဉ်မောင်းနှင့် ဟိုင်းလတ်ယာဉ်မောင်း ၁ ဦး ဦးခေါင်းခန်းတွင် လိုက်ပါလာသူ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။
" ကုန်စိမ်းတင်တဲ့ ကားနဲ့ ဖယ်ရီ ကြိုဖို့ထွက်လာတဲ့ ကားနဲ့ တိုက်မိတယ်။ ကျွန်တော်တို့ကလည်း ရန်ကုန်ဆေးရုံကြီးကို လူနာပို့ပြီး ပြန်လာတဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့် ကူညီခွင့်ရခဲ့တယ်။ အခင်းဖြစ်နေရာမှာ ခေါင်းပြတ်သေသွားတဲ့ သူ ၃ ဦး ရဲ့ အလောင်းကို မှော်ဘီမြို့မ လူမှုကူညီရေး အသင်းက ဆေးရုံကိုပို့ ပေးတယ်။ ဒဏ်ရာရရတဲ့သူတွေကို ကျွန်တော်တို့လို လူမှုကူညီရေးဆောင် ရွက်နေတဲ့ အဖွဲ့ အစည်းတွေက ကားနဲ့ ဆေးရုံကိုပို့ပေးတယ်။ ဒဏ်ရာရနေတဲ့ လူနာကို ဆေးရုံ ပို့နေတုန်း လမ်းမှာ သေသွားတဲ့ အတွက်ကြောင့် စုစုပေါင်း ၄ ဦးသေပြီး ၂ ဦးဒဏ်ရာရထားတယ်" လို့ အခင်းဖြစ်ရပ်ကို ကူညီဆောင်ရွက်ပေးခဲ့သည့် မြင့်မြတ်စေတနာပရဟိတအသင်း(မှော်ဘီ) မှ ဒုတိယ ဥက္ကဌ ၊ ဗိုလ်ကြီး စောအာမုန်ခင် (ငြိမ်း) က ပြောသည်။ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

















