မြို့နယ် ၃ မြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှု ၇ မှုကျူးလွန်ခဲ့သူ ၂ဦးကို မြောက်ပိုင်းခရိုင် မှုခင်း နှိ်မ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက ဖော်ထုတ်ခဲ့ကြောင်း ဇွန် ၅ ရက်က ရန်ကုန်တိုင်း ဒေသ ကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိ်မ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မေ၂၈ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသည့် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း ရပ်ကွက်နေ အောင်အောင်(ခ)ရဲရင့်ဖြိုးကို Dayang 110 အနက် ရောင် ဆိုင်ကယ်နှင့်အတူ အမှတ် ၄ လမ်းဆုံတွင် တွေ့ရှိစစ်ဆေးခဲ့သည်။ ၄င်းမောင်းနှင်သည့် ဆိုင်ကယ်မှာ သော့မပါဘဲမောင်းနှင်လာကြောင်းတွေ့ရှိရပြီး အဆိုပါ ဆိုင်ကယ်မှာ ရွှေပြည်သာ တံတားအဆင်း ကျူးကျော်နေအိမ်များအတွင်းမှ ရွှေပြည်သာ မြို့နယ်နေ ရဲထက်အောင်နှင့်အတူ ခိုးယူခဲ့သည့် ဆိုင်ကယ်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
၄င်းနှင့်အတူ ခိုးယူခဲ့သည့် ရဲထက်အောင်ကို ည ၈ နာရီခွဲ အချိန် နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှစ်ဦးကို အခြားခိုးမှုများကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်များအရ ယခုနှစ်၊ ဖေဖော်ဝါရီလ မှ ဧပြီလအတွင်း လှိုင်သာယာ မြို့နယ်၊ ရွှေလင်ပန်း ရပ်ကွက်၊ ဈေးအနောက်လမ်းအတွင်းမှ Hero Anbo 125 ဆိုင်ကယ်(၁)စီး၊ ကမ်းနား ပတ်လမ်း၊ ကျူးကျော်နေအိမ်များအတွင်း Felling CZI 125 ဆိုင်ကယ်(၁)စီး၊ Follow me 125 ဆိုင်ကယ် (၁)စီးနှင့် CZI 125 ဆိုင်ကယ်(၁)စီး၊ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရတနာမိုးလမ်းဘေး ကွမ်းယာဆိုင်အနီးမှ Kenbo 125 ဆိုင်ကယ်(၁)စီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအောက် လုံခြုံရေးတဲပေါ်မှ Samsung Glaxy J2 ဖုန်း(၁)လုံး၊ စုစုပေါင်းဆိုင်ကယ်(၆)စီးနှင့် ဖုန်း(၁)လုံး တို့အား ခိုးယူရောင်း ချခဲ့ ကြောင်းပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းတို့ ၂ ဦးခိုးယူခဲ့သည့် ပစ္စည်းများကို ရောင်းချထားသည့် နေရာများမှ ပြန်လည်သိမ်းဆည်းရမိခဲ့ပြီးသက်သေခံပစ္စည်းများနှင့်စပ်လျဉ်း၍ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားရန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

















