သင်္ဃန်းကျွန်းမြို့နယ်တွင် အုပ်စုဖွဲ့ ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ပေးသည်ဆိုသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ဇွန် ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
မတ် ၁၀ ရက်က လူမှုကွန်ရက်စာမျက်နှာတွင် Wai Yan အကောင့်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးလက်မှတ်ပါရှိသည့် ယာဉ် မောင်း လိုင်စင် များပြုလုပ်ပေးနေကြောင်း ဖော်ပြပါသတင်းနှင့်ပတ်သက်၍ မှုခင်းဖော်ထုတ် ရေးရဲတပ်ဖွဲ့ဝင် များနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းစုံစမ်းခဲ့သည်။ ထိုသို့စုံစမ်းနေစဉ် မေ ၂၅ ရက်တွင် လူမှုကွန်ရက်တွင်ဖော်ပြထားသည့် WaiYan အကောင့်မှာ ဖော်ပြပါရှိသည့် ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ခဲ့ရာ တောင်ဥက္ကလာပမြို့နယ်၊ဘေလီတံတား အဆင်း လက်ဖက် ရည်ဆိုင်၌ စမ်းချောင်းမြို့နယ်နေ မမေပွင့်ဖြူ (၂၆)နှစ်နှင့် အင်းစိန်မြို့နယ်နေ မထိုက်ဇာခြည်သင်း (၂၆) နှစ်တို့က ချိန်းဆိုခဲ့သည်။
၄င်းတို့က ယာဉ်မောင်းလိုင်စင်ကို ၂၅၀ဝ၀ဝ ကျပ်ဖြင့် ပြုလုပ်ပေးမည်ဖြစ်ကြောင်း စရံငွေ ၅၀ဝ၀ဝ ကျပ်ပေးရမည်ဖြစ်ကြောင်းနှင့် လိုင်စင်ကို ဇွန် ၁ ရက်တွင် ရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဇွန် ၁ ရက်မွန်းလွဲ ၁ နာရီခွဲအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်ရှိ လက်ဖက်ရည် ဆိုင်သို့ မမေပွင့်ဖြူနှင့် မထိုက်ဇာခြည်သင်းတို့ ရောက်ရှိလာသဖြင့် ပူးပေါင်းအဖွဲ့က သက်သေ များနှင့်အတူ ရှာဖွေခဲ့ရာ ၄င်းတို့ကိုင်ဆောင်ထားသည့် အိတ်အတွင်းမှ ယာဉ်မောင်း လိုင်စင်အတု ၊ ပြေစာ ၊ ဓာတ်ပုံ၊ လက်ကိုင်ဖုန်း (၃) လုံး ၊ လိပ်စာကတ်နှင့် ငွေ ၁၅၃၆၅၀ ကျပ် တွေ့ရှိသိမ်းဆည်း ရရှိခဲ့သည်။
သင်္ဃန်းကျွန်းမြို့မရဲစခန်းက (ပ) ၄၇၁/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၆/၁၁၄ တို့ အရအမှုဖွင့်အရေးယူခဲ့သည်။
၄င်းတို့နှစ်ဦးကို ဆက်လက် စစ်ဆေးချက်အရ လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ မဂျူလီယာ ( ခ) မဂျူလီယာနူး (၂၂) နှစ်မှ ယာဉ်မောင်းလိုင်စင် (၁) ခုကို ငွေ ၁၃၀ဝ၀ဝ ကျပ်ဖြင့် ပြုလုပ်ပေးကြောင်း ၊ ၄င်းတို့နှစ်ဦးမှ လိုင်စင်ပြုလုပ်သူများထံမှ ငွေ ၂၅၀ဝ၀ဝ ကျပ်လက်ခံယူခဲ့ပြီး မဂျူလီယာ ( ခ) မဂျူလီယာနူးထံ ဘဏ်မှတစ်ဆင့် ငွေလွှဲပေးရကြောင်းပေါ်ပေါက်သဖြင့် မဂျူလီယာ ( ခ) မဂျူလီယာနူး နေထိုင်သည့် နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ၄င်းနေအိမ် ကွန်ပျူတာခုံ အံဆွဲအတွင်းမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တံဆိပ်ပါ ယာဉ်မောင်းလိုင်စင် အတုများတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
မဂျူလီယာ(ခ)မဂျူလီယာနူး အား စစ်ဆေးရာ We Chat မှ ခင်မင်ရင်းနှီးသူထွန်းလှိုင်ဆို သူထံမှ ယာဉ်မောင်း လိုင်စင်(၁)ခုကို ငွေ ၉၀ဝ၀ဝ ကျပ်ဖြင့်မှာယူရကြောင်း၊ လိုင်စင်ကို ထွန်းလှိုင် ချိန်းဆိုသည့်နေရာသို့ သွားရောက်ယူဆောင်ရကြောင်းပေါ်ပေါက်သဖြင့် We Chat မှတစ် ဆင့်ထွန်းလှိုင်အား ဆက်သွယ်ခဲ့ရာ ၄င်းချိန်းဆိုသည့် လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ စတိုးဆိုင်အရှေ့တွင် ယာဉ်မောင်းလိုင်စင်အတုနှင့်အတူ ထွန်းလှိုင်အား ဖမ်းဆီး ရမိခဲ့ သည်။
ထို့နောက် ၄င်းနေထိုင်သည့် အမှတ်(၁၃)ရပ်ကွက်ရှိ အိမ်သို့သွားရောက် ရှာဖွေရာ လိုင်စင်အတုပြုလုပ်ရာတွင် အသုံးပြုသည့် ကာလာပရင်တာ၊ စမတ်ကဒ်ထုတ်သည့်စက်၊ လက်ပ်တော့ပ်၊ CD နှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ထွန်းလှိိုင်အားစစ်ဆေးခဲ့ရာ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ရာတွင် လှိုင်သာယာမြို့နယ်၊အမှတ်(၆) ရပ်ကွက် နေ ဇော်လင်းအောင် (၄၆)နှစ်နှင့်အတူ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဇော်လင်းအောင် နေအိမ်သို့ သွားရောက်ရှာဖွေရာ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ရာတွင် အသုံးပြု သည့် ယာဉ်မောင်းလိုင်စင် စစ်ဆေး သည့်စက်၊လက်ပ်တော့ပ်၊ စာရွက်စာတမ်းများသိမ်းဆည်း ရမိသည့်အပြင် လိုင်စင်မဲ့ယာဉ်များဖြစ်သည့် Alphard (၁) စီးနှင့် Mark-II (၁) စီးသိမ်းဆည်းရမိပြီး လှိုင်သာယာမြို့နယ်၊ FMI ဝင်းအတွင်းရှိ နေအိမ်တွင်လည်း အတု ပြုလုပ်ကြောင်းပေါ်ပေါက် သဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ဆော့ဖ်ဝဲ(၂)ခွေ၊ စမတ်ကတ်ထုတ်သည့်စက် ၊ လက်ပ်တော့ပ် (၁)လုံး၊ ယာဉ်မောင်းလိုင်စင်ကတ်အတုပြုလုပ်ရာတွင် အသုံးပြုသည့်ကတ်များ ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အမှုမှသိမ်းဆည်းရမိသည့် လိုင်စင်မဲ့ယာဉ်နှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းက(ပ)၂၀၃၆/၁၈ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အမှုဖွင့်အရေးယူခဲ့သည်။
ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်များကို အတုပြုလုပ်ရောင်းချသူ မမေပွင့်ဖြူပါ (၅) ဦးတို့အား သက်ဆိုင်ရာရဲစခန်းများတွင် အသီးသီးအမှုဖွင့်အရေးယူထားရှိပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

















