စစ်ကျန်ကျည်ဆံအဟောင်းကို ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ကာ တစ်ဦးသေတစ်ဦးဒဏ်ရာရ

စစ်ကျန်ကျည်ဆံအဟောင်းကို ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ကာ တစ်ဦးသေတစ်ဦးဒဏ်ရာရ

သာစည်မြို့နယ်တွင် စစ်ကျန်ကျည်ဆံအဟောင်းကို မူလီသံချောင်းဖြင့် ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေတစ်ဦးဒဏ်ရာရခဲ့ကြောင်း ဇွန် ၅ ရက်က ဟံဇားနယ်မြေရဲစခန်းမှသိရသည်။

ဇွန် ၄ရက် ညနေ ၅ နာရီ မိနစ်၃၀ အချိန်တွင် သာစည် ဆင်ရွာကျေးရွာ အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ဗြိဇဉ်အင်းကွင်းအမှတ်(၁၇၈၀)အတွင်း၌ တောင်ယာလုပ်ကိုင်သူ သိန်းဇော်(၃၁ နှစ်)သည် အရှည် (၂)လက်မခွဲခန့်၊ထိပ်ဖူး (၁)လက်မခန့်၊လုံးပတ်(၁)ကျပ်လုံးခန့်ရှိသော စစ်ကျန်ကျည်ဆံ အဟောင်း(၁)တောင့်ကို သစ်သားတုံးပေါ်တင်၍ မူလီသံချောင်းဖြင့် ထုနှက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုကြောင့်သိန်းဇော်၏ လည်ပင်းတွင်ကျည်ဆံဖောက်ထွက်ဒဏ်ရာတစ်ချက်နှင့် ဝဲဘက်လက်ချောင်းများတွင် ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ထို့ပြင်၄င်းအနီးရှိနေသည့် တူမတော်စပ်သူ မအေးသန္တာလင်း(၄)နှစ်၏ ယာဘက်ခြေသလုံးတွင် ကျည်ဆံပေါက်ထွက် ဒဏ်ရာရရှိကာ ဆေးရုံသို့တင်ပို့ကုသခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဟံဇားနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၁၈)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။