ကမ္ဘာ့နိုင်ငံများနှင့် ချုပ်ဆိုထားသော ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူစာချုပ် ပျက်ပြယ်ပါက ယူရေနီယံသန့်စင်လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရန်အတွက် အီရန်က အသင့်ပြင်ထားပြီဖြစ်ကြောင်း သိရသည်။
နာတန့်ဇ် ယူရေနီယံစက်ရုံတွင် အဆင်မြင့် ယူရေနီယံသန့်စင်စက်များ တည်ထားရန် လိုအပ်သော အခြေခံအဆောက်အအုံများ ပြင်ဆင်နေပြီဖြစ်ကြောင်း အီရန် နျူကလီးယား အေဂျင်စီအကြီးအကဲက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ ပြင်ဆင်နေမှုများကိုကုလသမဂ္ဂကိုလည်းအသိပေးထားကြောင်း၊ လက်ရှိအချိန်ထိမူကား နျူကလီးယား သဘောတူစာချုပ်အတိုင်း လိုက်နာနေဆဲဖြစ်ကြောင်း အီရန်က ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်လကအီရန် နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ခဲ့သည်။ ဥရောပမဟာမိတ်နိုင်ငံများက စာချုပ်ကို ဆက်လက် ထိန်းထားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ စာချုပ်အရအီရန်က နျူကလီးယားလုပ်ငန်းများ အရှိန်လျှော့ချပေးရမည်ဖြစ်ပြီး တန်ပြန်အားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဆန်ရှင်များ လျှော့ချပေးရမည်ဖြစ်သည်။
ယူရေနီယံသန့်စင်လုပ်ငန်းများပြန်လည်စတင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အီရန်ထံမှ အကြောင်းကြားစာရရှိထားသည်ဟု နိုင်ငံတကာ နျူကလီးယားအေဂျင်စီ(ှုဗနဗ) ကလည်း ထုတ်ပြန်ပြောကြားထားသည်။
ယခင်သုံးနေကျ ယူရေနီယံ သန့်စင်စက်များထက် တစ်ဆင့်ပိုမြင့်သောစက်သစ်များ ဖြင့် အစားထိုးသွားရန်လည်း စီစဉ်နေကြောင်းအီရန် နျူကလီးယား အေဂျင်စီအကြီးအကဲ အလီအက္ကဘာ ဆာလာဟီက ပြောသည်။ စက်ဟောင်းများဖြင့် ခြောက်နှစ်၊ ခုနစ်နှစ် လုပ်ရမည့်အလုပ်ကိုစက်သစ်များကလပိုင်းနှင့် ပြီးအောင်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း ဆာလာဟီကပြောသည်။
အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ တရုတ်တို့နှင့် အီရန်က ၂၀၁၅ ခုနှစ် တွင် နျူကလီးယားသဘောတူလက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

















