မရမ်းကုန်းမြို့နယ်တွင် ပြည်ပအကျိုးဆောင်လိုင်စင်မရှိဘဲ စင်ကာပူနိုင်ငံသို့ အိမ်အကူများကို စေလွှတ် ရန် စုဆောင်းခဲ့သည်ဆိုသူကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က အမှုဖွင့် အရေးယူခဲ့ကြောင်း ဇွန် ၆ ရက်နေ့က ရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့သည်။
အဆိုပါကုမ္ပဏီမှာ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် မုဒိတာအိမ်ရာ(၁)၊ အမှတ်(ဘီ/၇၁၀)တွင် ဖွင့်လှစ်ထားပြီး လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်အကူများ စင်ကာပူနိုင်ငံသို့ စေလွတ်ခဲ့နေကြောင်း သတင်းအရ လူကူန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ဝင်နှင့် ပူးပေါင်းအဖွဲ့ဝင်များက ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် တွင် အဆိုပါ တိုက်ခန်းကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခန်းအတွင်း အမျိုးသမီး ၁၅ ဦးကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး စုံစမ်းချက်အရ လွန်ခဲ့သော ၁ လခန့်က စင်ကာပူနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် အတွက် လှိုင်သာယာမြို့နယ်နေ သက်မောင်မောင် (၃၆ နှစ်)က ၄င်းတို့ကိုခေါ်ယူထားရှိခြင်းဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့၏ စစ်ဆေးချက်အရ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် ပြည်ပအလုပ် အကိုင်ဆိုင်ရာ အကျိုးဆောင် လိုင်စင် လျှောက်ထားတင်ပြခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေသူကိုအရေးယူ ပေးရန် တိုင်ကြားခဲ့သည်။
ဘုရင့်နောင်နယ်မြေရဲစခန်း (ပ)၉၄၉/၁၈၊ ပြည်ပအလုပ်ကိုင် ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရအမှုဖွင့် အရေးယူထားသည်။
















