ချောင်းရေနှင့်အတူမျောပါသွားသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံး
ယင်းမာပင်မြို့နယ်တွင် ချောင်းရေနှင့်အတူမျောပါသွားသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ယင်းမာပင်မြို့မရဲစခန်းမှ သိရသည်။
ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာ အနောက်ဘက် တင်ဆုံချောင်းတွင် အမျိုးသားတစ်ဦး ရေနစ် သေဆုံးသွားကြောင်း သတင်းအရ ကပိုင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ကပိုင်ကျေးရွာနေ ဦးခင်မောင်ထွေး(ခ)ဖိုးနီလေး(၄၂)နှစ် ဖြစ်ပြီး ၎င်းသည် ယာတောသို့ သွားရန် ချောင်းရေကျနေသည့် တင်ဆုံချောင်းကို ဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါသွားရာက ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းမာပင် မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၂/၁၈)အရ အမှုဖွင့်အရေးယူထားသည်။
















