တရုတ်နိုင်ငံ၌ တာဝန်ထမ်းဆောင်နေသည့် အမေရိကန်သံတမန်တချို့ ဦးနှောက်ထိခိုက်မှုနှင့်ဆင်တူသော ထူးခြားဆန်းပြားသည့် ရောဂါဝေဒနာမျိုးကိုခံစားနေရသည့်အတွက် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုး၌ တာဝန်ထမ်းဆောင်နေသည့် အမေရိကန်သံတမန်တချို့ကို ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူက ဇွန် ၆ ရက်တွင်ပြောဆိုခဲ့သည်။
ကွမ်ကျိုးရှိ အမေရိကန်ကောင်စစ်ဝန်ရုံး၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦး အမျိုးအမည်ဖော်ပြရန်ခက်ခဲသည့် ရောဂါတစ်မျိုးကိုခံစားခဲ့ရပြီးနောက် ဝန်ကြီးဌာနသည် ကောင်စစ်ဝန်ရုံးရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ဆေးစစ်ရန် အထူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း ပြောခွင့်ရှိသူ ဟီသာနောင်ယက်ကပြောဆိုသည်။
ကောင်စစ်ဝန်ရုံးဝန်ထမ်းများခံစားနေရသည့် ရောဂါဝေဒနာအခြေအနေကို ဆေးပညာကျွမ်းကျင်သူများက စစ်ဆေးပြီးနောက် အမေရိကန်သံတမန်များ အခြားဒေသတစ်ခုတွင်ခံစားခဲ့ရသည့် ရောဂါအခြေအနေများနှင့် ဆက်စပ်မှုရှိမရှိကို ဆက်လက်သုံးသပ်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ၌ ထူးဆန်းသော အသံများကို ကြားခဲ့ရပြီးနောက် နေထိုင်မကောင်းဖြစ်ခဲ့သည့် အမေရိကန်နိုင်ငံသားနှစ်ဦး၏အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာနက သုံးသပ်ခဲ့ပြီးဖြစ်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဇွန် ၆ ရက်တွင် ဖော်ပြသည်။
ယမန်နှစ်တွင် ကျူးဘား၌ တာဝန်ထမ်းဆောင်နေသည့် အမေရိကန်သံတမန်ဝန်ထမ်းနှင့် မိသားစုဝင် ၂၄ ဦးတို့ ဦးနှောက်ထိခိုက်မှုအသေးစားနှင့်ဆက်စပ်သည့် ရောဂါဝေဒနာများကို ခံစားခဲ့ရဖူးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
ရှင်းပြရခက်ခဲသည့် ကျန်းမာရေးအခြေအနေများကို စစ်ဆေးအဖြေရှာရန် ဌာနများစွာပါဝင်သော အထူးအဖွဲ့တစ်ဖွဲ့ကို လွန်ခဲ့သောလတွင် ဖွဲ့စည်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဇွန် ၅ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

















