လူမှုကွန်ရက်မီဒီယာကုမ္ပဏီကြီးဖြစ်သည့် ဖေ့စ်ဘွတ်ခ်သည် တရုတ်ဖုန်းကုမ္ပဏီ ဟွာဝေးအား အသုံးပြုသူများ၏သတင်းအချက်အလက်များကို ဝေမျှခဲ့မှုနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်အကြီးအကဲ မာ့ခ်ဇူကာဘတ်အား လွှတ်တော်ကော်မတီတစ်ရပ်ရှေ့မှောက်တွင် ကြားနာစစ်ဆေးမှုခံယူရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ်မယ်လ်ကွမ်းတန်းဘူးက ဇွန် ၇ ရက်တွင်ပြောဆိုခဲ့သည်။
ဖေ့စ်ဘွတ်ခ်နှင့် ဟွာဝေးတို့ကြား ပတ်သက်မှုကို သိရှိလိုသောကြောင့် ဇူကာဘတ်ကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သြစတြေးလျလွှတ်တော် ထောက်လှမ်းရေးနှင့် လုံခြုံရေးပူးတွဲကော်မတီခေါင်းဆောင်များက ပြောဆိုခဲ့သည်။ ဟွာဝေးသည် အမေရိကန်အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးဌာနများက ပြောဆိုခဲ့သည်။
ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် ဟွာဝေးအပါအဝင် တရုတ်ကုမ္ပဏီများစွာ နှင့် သတင်းအချက်အလက်ဝေမျှရေးသဘောတူစာချုပ်ကို ချုပ်ဆိုထားကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ဇွန် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဟွာဝေး၊ ကွန်ပျူတာထုတ်လုပ်ရေးကုမ္ပဏီ လဲနိုဗို၊ စမတ်ဖုန်းကုမ္ပဏီများဖြစ်သည့် အော့ပို၊ တီအယ်လ်စီကော်ပိုရေးရှင်းတို့အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီ ၆၀ ခန့်နှင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၏သတင်းအချက်အလက်ဝေမျှရေးဆိုင်ရာ သဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း လူမှုမီဒီယာကုမ္ပဏီက ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များကို သိုလှောင်သိမ်းဆည်းထားခြင်းမရှိခဲ့ကြောင်း ဟွာဝေးက တုံ့ပြန်ပြောဆိုခဲ့သည်။
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း ဒေါ်နယ်ထရမ့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့က ငှားရမ်းထားသည့် ဗြိတိန်နိုင်ငံရေးအတိုင်ပင်ခံကုမ္ပဏီ Cambridge Analytica သည် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များကို မလျော်ကန်သည့် နည်းလမ်းဖြင့် အသုံးပြုခဲ့ကြောင်း ဖွင့်ချခံခဲ့ရပြီးနောက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီအပေါ် အမေရိကန်အစိုးရအပါအဝင် နိုင်ငံအတော်များများ၏အစိုးရများက ဖိအားပေးခဲ့ကြသည်။

















