စက်ဘီးအငှားလုပ်ငန်းမှ စက်ဘီးတစ်စီး မီးတောင်ဝ၌ ထားရစ်ခဲ့ကြောင်းတွေ့ရှိရ

စက်ဘီးအငှားလုပ်ငန်းမှ စက်ဘီးတစ်စီး မီးတောင်ဝ၌ ထားရစ်ခဲ့ကြောင်းတွေ့ရှိရ

ကမ္ဘာ့မြို့ကြီးအများအပြားတွင် ခေတ်စားနေသည့် စောင့်ကြည့်သူမဲ့ စက်ဘီးငှားရမ်းမှု အစီအစဉ်တစ်ရပ်မှ စက်ဘီးတစ်စီးကို တစ်စုံတစ်ဦးက ငှားရမ်းသွားပြီး မီးတောင်ဝ၌ထားရစ် ခဲ့သည့်ဖြစ်စဉ်တစ်ခုပေါ်ပေါက်ခဲ့သည်။ နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့မှ အွန်ဇိုအစီအစဉ် အရချထားပေးသည့်စက်ဘီးတစ်စီးကို နယူးဇီလန်၏ အမြင့်ဆုံးအမှတ်ဖြစ်သည့် အေဒင်မီးတောင် သေထိပ်ဝတွင် ဒေသခံတစ်ဦးကလမ်းလျှောက်ရင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အေဒင်မီးတောင်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၈၀ဝ၀ က ပေါက်ကွဲခဲ့သည့်မီးတောင်ဖြစ်ပြီး ယနေ့တွင် လှုပ်ရှားမှုမရှိတော့ချေ။ သို့သော် ယင်းမီးတောင်ထိပ်ဝသည် ရွှံ့နွံထူထပ်ပြီး စိုစွတ် ချောမွတ်သည့်နေရာဖြစ်ခြင်းကြောင့် ယင်းနေရာသို့ စက်ဘီးရောက်ရှိရန် အလွန်လုံ့လထုတ် ရမည်ဖြစ်ကြောင်း ဓာတ်ပုံဆရာတစ်ဦးက ပြောသည်။

အွန်ဇိုမှပြောရေးဆိုခွင့်ရှိသူ မင်ကျူဂျွန်က မဟုတ်သည့်နေရာတွင် စက်ဘီးကို တမင်ထားရှိခဲ့ ခြင်းက မိမိတို့ကို အားပေးခြင်းမဟုတ်ကြောင်း ထင်ရှားသည်ဟုပြောဆိုခဲ့သည်။ ငှားစီးသွားသည့် စက်ဘီးများကို ပြန်လည်သိမ်းဆည်းရာတွင် အွန်ဇို ပြဿနာကြုံရသည်မှာ ယခုဖြစ်ရပ်က ပထမဆုံးမဟုတ်ချေ။ စက်ဘီးများသည် ဆိပ်ကမ်းများမှသည် သစ်ပင်ပေါ်ရောက်ရှိနေခြင်းနှင့် အင်တာနက်ပေါ်တွင်ရောင်းချရန် ကြေညာခြင်းအဆုံး ကြုံတွေ့ခဲ့ရကြောင်း အွန်ဇိုဝန်ထမ်း များက ပြောသည်။

ယခင်စက်ဘီးငှားစနစ်များနှင့်မတူဘဲ အွန်ဇိုစက်ဘီးငှားအစီအစဉ်တွင် ငှားရမ်းလိုသူသည် မိုဘိုင်းလ်ဖုန်းအပလီကေးရှင်းတစ်ခုဖြင့် စက်ဘီးရှေ့ဘီးမှသော့ကိုဖွင့်လှစ်ကာ အလွယ်တကူ ငှားရမ်းစီးနင်းသွားနိုင်သည်။ ယင်းစနစ်သည် နယူးဇီလန်နှင့် ဥရောပမြို့ကြီးများတွင်သာမက တရုတ်နိုင်ငံမြို့ကြီးများအပြင် စင်ကာပူတွင်ပါအသုံးပြုနေသည့် တွင်ကျယ်လာသည့် မြို့ပြ စက်ဘီးအငှားလုပ်ငန်းဖြစ်သည်။ သို့သော် အပျက်အစီးစိတ်ဓာတ်ရှိသူများနှင့် လူပြောင်လူနောက် များက ငှားစီးသွားသည့်စက်ဘီးများကို ပြန်လည်ရယူရန် ခက်ခဲသည့်နေရာများ၌ တမင် ထားရှိခဲ့သည့်နမူနာတချို့နှင့်လည်း ကြုံတွေ့နေရသည်။