ကြည်မြင်တိုင်မြို့နယ်တွင် ဒသမတန်းကျောင်းသူတစ်ဦး လှိုင်မြစ်အတွင်းခုန်ချကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
ဇွန် ၆ ရက်နေ့ ည ၇ နာရီ ၄၅ အချိန်ခန့်တွင် ကြည်မြင်တိုင်မြို့နယ် ဆိပ်ကမ်းသာပန်းခြံမှ လှိုင်မြစ်အတွင်းသို့ အမျိုးသမီးတစ်ဦး ခုန်ချကြောင်းသတင်းအရ ဒုရဲအုပ် သက်စည်သူနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ရေထဲသို့ခုန်ချကာ သေကြောင်းကြံစည်ခဲ့သူမှာ အသက် ၁၅ နှစ်အရွယ် ကမာရွတ်မြို့နယ်နေ ဒသမတန်းကျောင်းသူ တစ်ဦးဖြစ်ပြီး မိဘများက ကျောင်းမတက်သည့်ကိစ္စဆူပူရာ မှ စိတ်ညစ်ကာ မြစ်အတွင်းသို့ ခုန်ချရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ ခုန်ချရန်ကြံစည်နေစဉ် အနီးမှ တွေ့ရှိသူ ဦးမိုးကျော် က ဆယ်ယူခဲ့ပြီး အနောက် ပိုင်းဆေးရုံသို့တင်ပို့ကုသခဲ့သည်။ အမျိုးသမီးငယ်တွင် ဦးခေါင်း မူးဝေဒဏ်ရာ၊ အသက်ရှုကြပ် ဒဏ်ရာများရရှိခဲ့ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်ရန် အားထုတ်ခဲ့ခြင်း ကြောင့် အရေးယူပေး ရန်တိုင်ကြားခဲ့သည်။
ကြည်မြင်တိုင်မြို့မရဲစခန်းက (ပ)၁၇၃/၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့်အရေးယူထားသည်။
















