မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်း ရော့စ် ဒန်ကလေကို မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခဲ့ပြီး ယနေ့ ချုပ်ရမန်ရယူခဲ့ကြောင်း ဗဟန်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ဇွန် ၇ ရက်နေ့ ညနေပိုင်းက မြန်မာတိုင်းမ် ကိုပြောသည်။
'' မူးယစ်တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ သူကို ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာပါ။ သူ့နေအိမ်ကလည်း မူးယစ်ဆေးဝါးနဲ့ အိုက်စ်တွေ သိမ်းဆည်းမိပါတယ်။ သူ့ကိုလောလောဆယ် မူးယစ်ဆေးဝါးမှုနဲ့ ဒီနေ့ ဗဟန်းတရားရုံးမှာ ချုပ်ရမန်ယူပြီး ချုပ်နှောင်ထားပါတယ်" ဟု အဆိုပါ ရဲအရှိကပြောသည်။
ဇွန် ၇ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် ဗဟန်းမြို့နယ် စမ်းရေတွင်းလမ်း နေအိ်မ်တွင် ငှားရမ်းနေထိုင်သူ သြစတေးလျနိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ ကို ရဲတပ်ဖွဲ့က မှူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
'' မနေ့ညကတည်းက စမ်းရေတွင်းလမ်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ အလုပ်ရှုပ်နေတယ်။ နိုင်ငံခြားသားအိမ်မှာ မူးယစ်ဆေးဝါးဝင်ဖမ်းတယ်လို့တော့ ပြောသံကြားတယ်၊ ဒီနေ့ မနက် ၅ နာရီလောက်မှ ဖမ်းခေါ်သွားတယ်" ဟု စမ်းရေတွင်းလမ်းစျေးဆိုင်ဖွင့်လှစ်ရောင်းချသည့် ကို သိန်းအောင်နိုင် ကပြောသည်။
အဆိုပါနေအိမ်အတွင်းမှ အိုက်စ်တွေအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံ ကို ဖမ်းမိခဲ့ပြီး နေအိမ်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ နံနက် ၅ နာရီ ခန့်တွင် မစ္စတာ ရော့စ် ဒန်ကလေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
'' သူဆီမှာဘယ်လောက်သိမ်းမိတယ် တယ်ဆိုတာတော့ အတိအကျမသိရသေးဘူး၊ ဥပဒေအရ သက်မှတ်ထားတဲ့ ပမာဏထက် သိမ်းဆည်းမိရင်တော့ သူ့ကို ဖမ်းဆီးအရေးယူနိုင်တယ်။ သူ့အိမ်မှာ ညမှာ ရှိတဲ့ ဝန်ထမ်းတွေ နေအိမ်နဲ့ အဆက်အသွယ်မရတာကြောင့် အိမ်ကလူတွေ စိတ်ပူနေကြတယ်။ အိမ်ကလူမှာရှိတဲ့ လူတွေကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးဖို့ ခေါ်ထားတာလည်းဖြစ်နိုင်တယ်" ဟု အဆိုပါနေအိမ်တွင် အလုပ်လုပ်ကိုင်သူ ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
မစ္စတာ ရော့စ် ဒန်ကလေ သည် ၂၀၁၁ ခုနှစ်အတွင်းက အမျိုးသမီးတစ်ဦးကို ကိုယ်ထိ လက်ရောက် ကျူးလွန်မှု၊ လဝကအက်ဥပဒေပါ စည်းကမ်း ဖောက်ဖျက်မှုဖြင့် ကမာရွတ်မြို့ နယ်တရားရုံး အမှုရင် ဆိုင်ခဲ့ရပြီး အမျိုးသမီးက အမှုကျေအေးရုပ်သိမ်းခဲ့သော်လည်း လဝကအက်ဥပဒေဖျောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၃ လနှင့် ငွေဒဏ် ၁ သိန်းကို ပေးဆောင်ခဲ့ရသည်။
၂၀၁၃ ခုနှစ် အတွင်းကလည်း ဒေါက်တာတင်ထွန်းဦး၏ ဇနီးသည် ဒေါ်ခင်မိုးမိုးက ကုမ္ပဏီနှင့် မသက်ဆိုင်သူ ငါးဦးကို မြန်မာတိုင်းမ်ရုံးသို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သက်ပြီး ရော့စ်ဒန်ကလေနှင့် ဒေါ်ခင်မိုးမိုးတို့အကြား အချင်းများခဲ့ပြီး ကျောက်တံတားမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရသည်။
သြစတြေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေသည် ၂ဝဝဝပြည့်နှစ်အချိန်တွင် မြန်မာနိုင်ငံသား ရှယ် ယာရှင် ဦးမြတ်ဆွေ (ဆန်နီဆွေ)နှင့် ပူးပေါင်းကာ မြန်မာတိုင်းမ်ကို စတင် ထုတ် ဝေခဲ့ခြင်းဖြစ်သည်။
၂၀၀၅ခုနှစ်တွင် ဦးမြတ်ဆွေ (ဆန်နီဆွေ)နှင့် ဇနီးဒေါ်ယမင်းထင်အောင်တို့ ပိုင်ဆိုင်သည့် ရှယ်ယာများ ကို စွယ်စုံမီဒီယာဂရုပ်ပိုင်ရှင် ဒေါက်တာတင်ထွန်းဦးထံ လွှဲပြောင်းရောင်းခဲ့ပြီးမြန်မာတိုင်းမ် စီမံခန့်ခွဲမှု အပိုင်းအား မစ္စတာ ရော့စ်ဒန်ကလေက အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၁၁ ခုနှစ် အထိ တာဝန်ယူခဲ့ခြင်းဖြစ်သည်။

















