တာမွေမြို့နယ်မှ MLM ကုမ္ပဏီလေးခု အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၁ ဖြင့် အမှုဖွင့်ခံရ

တာမွေမြို့နယ်မှ MLM ကုမ္ပဏီလေးခု အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၁ ဖြင့် အမှုဖွင့်ခံရ

တာမွေမြို့နယ်အတွင်းရှိ MLM စနစ်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီ ၄ ခုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (FDA)က ဝင်ရောက်စစ်ဆေးခဲ့ရာ ကျန်းမာရေးထောက်ခံ ချက် ရယူထားခြင်း မရှိသည့် ဆေးဝါး၊ အလှကုန် နှင့် အားဖြည့်ဓာတ်စာများကို ဇွန် ၇ ရက်နေ့က သိမ်းဆည်းရမိခဲ့ပြီး တာမွေမြို့မရဲစခန်းတွင် အမှုဖွင့် ခဲ့ ကြောင်း သိရသည်။

'' ထောက်ခံချက်မရှိတဲ့ ဆေးဝါး၊ အလှကုန်နဲ့ အားဖြည့်အစားအစာတွေ ကို ဈေးကွက်ထဲမှာ တင်သွင်း ရောင်းချနေတာတွေ့ရတာတွေ့ရတယ်။ အဲ့ဒါကြောင့်မို့ အမျိုးသားအစားအသောက်ဥပဒေ၊ ဆေးဝါး ဥပဒေတွေနဲ့အရေးယူခဲ့တာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါး ကွပ်ကဲ ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇွန် ၇ ရက်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် တင်သွင်း လာသော အစားအသောက်အတွက် ကျန်းမာရေးထောက်ခံချက်ရယူထားခြင်းမရှိဘဲ ပြည်တွင်း ဈေးကွက်၌ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်ရှိ မြင့်မိုရ်ခွန်အား ကုမ္ပဏီ လီမိတက်မှ Chlorophyll Powder ၊ Nature's T Infusion, LGND Tea, Enjuvenate Pina Colada, Compound Red Clover Capsule, Dally Produce-24, Bio-C, Chiero Spirulina, Core H Basics, Power Burn, Colla Flex 30 MMR, Ubiquinol-CoQ10,Children's Formula, Lifiber, Hawaiian Noni Korea နှင့် Blos Life C Plus ဖြည့်စွက်စာ(၁၆)မျိုးအား လည်းကောင်း၊ ဘိုးလိန်း အောင်မင်္ဂလာရပ်ကွက်ရှိ World Class Innervation (myanmar) ကုမ္ပဏီလီမိတက် မှ Aera, Exfa Herb, Cha Lamon, Calssic Coffee, C-Vite, Haper 7, Balancler, Gin-X, Sesamin-E ဖြည့်စွက် စာ(၉)မျိုးတို့ကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

" ရန်ကုန်တိုင်း FDA နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း စုံစမ်းစစ်ဆေးပြီးသိမ်းဆည်း အရေးယူခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီ ၄ ခုကို အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၁ နဲ့ အမှုဖွင့် အရေးယူထားပါတယ်" ဟု FDA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့အပြင် ပျားရည်ကုန်းရပ်ကွက်ရှိ နှင်းမြန်မာအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိ တက်နှင့် ကျောက် မြောင်းကြီးရပ်ကွက်ရှိ The Wisdom Plus ကုမ္ပဏီလီမိတက်တို့မှ Active Kaneka QH (၁၀) ထုပ်ပါ(၁)ဘူး၊ Gamma O စပါးစေ့ဆီအလုံး၊ Fourrfill ကလိုရိုဖီး (၃၀)ပါ(၁)ဘူး၊ Collagen 100000 mg ၊ Orange အဆီကျဓာတ်စာအလုံး (၃၀)ပါ(၁)ဘူး၊ X-10(၃၀)ထုပ်ပါ(၁)ဘူး၊ Adam အမျိုးသာ းအားဖြည့်ဓာတ်စာ 230 ml ၊ Eve အမျိုးသမီး အားဖြည့် ဓာတ်စာ 230 ml ၊ Slimax အဆီ ကျ ကော်ဖီ(၁၂)ထုပ်ပါ(၁)ထုပ် ဖြည့်စွက်စာ (၉)မျိုးတို့ကို သိမ်းဆည်းခဲ့သည်။

ဈေးကွက်တွင်းစစ်ဆေးတွေ့ရှိရသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ ထောက်ခံ ချက် ရယူထားခြင်းမရှိသည့် အစားအသောက်၊ဆေးဝါးနှင့် အလှကုန် များကို ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသ ကြီးရုံး ၌ MLM စနစ်ဖြင့် လုပ်ကိုင်နေသည့် မူရင်းကုမ္ပဏီ(၂၈)ခု၊ ဆင့်ပွားကုမ္ပဏီ(၁၃)ခု စုစုပေါင်း ကုမ္ပဏီ(၄၁)ခုတို့နှင့် သက်ဆိုင်သည့် ကုမ္ပဏီတာဝန်ရှိသူများအား တွေ့ဆုံကာ စာရင်းဇယားများ၊ ဘဏ်ဝင်/ထွက်ငွေများ၊ သွင်းကုန်လျှောက်ထားခြင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)ထောက်ခံချက်ရယူခြင်းများပြုလုပ်ခဲ့ပြီး၊ အခွန်ပေးအပ်မှုများနှင့်ပတ်သက်၍ ကုမ္ပဏီ၏ ရေးဆွဲတင်ပြ လာသော စာရင်းဇယားများကို ဌာနဆိုင်ရာ အတည်ပြုချက်၊ ပြန်ကြားချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။