ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ ဘန့်ဘွေးကုန်းကျေးရွာတွင် တောကောင်သားရည်နှင့်ဂျိုများ သိုလှောင်အရောင်းအဝယ်ပြုလုပ်သူကို သက်ဆိုင်ရာက သစ်တောဥပဒေအရ အမှုဖွင့် အရေးယူထား ကြောင်း အင်ပင်မြို့နယ်မြေရဲစခန်းက ဇွန် ၈ ရက်နေ့က သိရသည်။
ဇွန် ၇ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် း မြန်အောင်မြို့နယ် အင်ပင် နယ်မြေစခန်းပိုင် ဘန်ဘွေးကုန်းကျေးရွာနေ ဦးသိန်းဇော်(ခ)ကျော်ရွှေ(၅၂ နှစ်)တောကောင် သားရည် နှင့်ဂျိုများ သိုလှောင်ထားရှိကာ အရောင်းအဝယ်ပြုလုပ်ကြောင်းသတင်းအရ သက်ဆိုင်ရာက ဝင် ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
" ကွင်းဆက် သတင်းအရ သူကို တိုင်းအဆင့်ကဆင်းပြီး ဖမ်းတာပါ။ သူကို ဇီဝမျိုးစုံ ကာကွယ် ထိန်း သိမ်းရေးဥပဒေပုဒ်မ အမှုဖွင့် အရေးယူထားတယ်" ဟု အင်ပင်မြို့ နယ်မြေရဲစခန်းမှ ရဲတပ် ကြပ်ကြီး လွင်စိုးကပြောသည်။
အဆိုပါနေအိမ်အတွင်းမှ ဆင်စွယ် ၁ စုံ၊ ပြောင်ခေါင်း(ဦးချိုစုံပါ) ၃၆ ချောင်း၊ ပြောင်သည်းခြေ ၂ ခု၊ ပြောင်ဦးချိုခွံ ၃ စုံ၊ စိုင်ခေါင်း ၃ လုံး၊ ဆတ်ခေါင်း ၇ လုံး၊ သမင်ခေါင်း ၁ လုံး၊ ကျားဝက်(အရိုးစုံ) ၂ စုံ၊ ကျားဝက်သားရေ ၁ ချပ်၊ တောင်ဆိတ် ခေါင်း (ဦးချိုစုံပါ)၂ လုံး၊ တောင်ဆိတ်ခွာ ၃ ခု၊ ဝက်ဝံသားရေ ၁ ချပ်၊ ဝက်ဝံခေါင်း ၂ လုံး၊ ဖြူအစာအိမ် ၁ ခု တို့နှင့် တိရစ္ဆာန် အစိတ်အပိုင်း ချိတ်ဆွဲရာတွင် အသုံးပြုသည့် ဒိုင်းပုံကျွန်းပြား ၃၂ ချပ်တို့အားသိမ်းဆည်းရမိသည်။
'' မနေ့ညနေပိုင်းက တိုင်းဒ/န အဖွဲ့၊ သစ်တောအဖွဲ့တွေ ရောက်နေလို့ ခေါ်လို့သွားတယ်။ ဦးသိန်း ဇော်အိမ်ကို သတင်း အရလာရှာတယ်ပြောတယ်။ သူအိမ်က ပြောင်၊ ဆက်၊ဂျိုနဲ့ ဆင်စွယ်တွေ တွေ့ တယ်။ ဦးသိန်းဇော်က ရန်ကုန် အင်းစိန်ဘက် ကကျွန်တော်တို့ရွာက အမျိုးသမီးနဲ့ အိမ်ထောင် ကျတယ်" ဟု ဘန့်ဘွေးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်ဦး ကပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အင်ပင်တိုက်နယ်ရဲစခန်းက (ပ)၉၅/၁၈ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀(က)/၄၁(က) အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

















