ချွန်ထက်သောအရာဖြင့် ညီဖြစ်သူက ထိုးသဖြင့် အစ်ကိုဖြစ်သူသေဆုံး

ချွန်ထက်သောအရာဖြင့် ညီဖြစ်သူက ထိုးသဖြင့် အစ်ကိုဖြစ်သူသေဆုံး

ရှမ်းမြောက်ပိုင်းကျောက်မဲမြို့နယ်တွင် ညီဖြစ်သူက စကားများရန်ဖြစ် စဉ် ချွန်ထက်သော အရာဖြင့် ထိုးသဖြင့် အစ်ကိုဖြစ်သူသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၈ ရက်နေ့က ကျောက် မဲမြို့မ ရဲစခန်း ကသိရသည်။

ဇွန် ၇ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ကျောက်မဲမြို့နယ် လူသတ်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျောက်မဲမြို့မရဲစခန်းမှူးနှင့် အဖွဲ့ ကသွား ရောက်စစ်ဆေးခဲ့သည်။

သက်ဆိုင်ရာက စစ်ဆေးချက်အရ ကျောက်မဲအမှတ်(၈) ရပ်ကွက် နယ်မြေ(၁၅) တွင် နေထိုင်သူ ဦးအိုက်ကစ်(၄၄) နှစ်မှာ နေအိမ်အတွင်း ပခုံးနှင့်လည်ပင်းကြားထိုးသွင်းပြတ်ရှပေါက်ပြဲဒဏ်ရာ ရရှိသေဆုံးခဲ့နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

စုံစမ်းချက်အရ သေဆုံးသူ၏ နေအိမ်သို့ မိုင်းငေါ့မြို့နယ်တွင် နေထိုင်သည့် ညီဖြစ်သူအိုက်ဝမ်း (စုံစမ်းဆဲ)က အလည်ရောက်ရှိစဉ် စကားများရာက အချွန်ဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

သက်ဆိုင်ရာက အလောင်းကို ကျောက်မဲဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကျောက်မဲမြို့မရဲစခန်းက တိမ်းရှောင်နေသူ အိုက်ဝမ်း(စိစစ်ဆဲ)ကို အဆိုပါနေ့ည၁၁နာရီအချိန်ခန့်တွင် နေအိမ်သို့ခရီးစရိတ်လာရောက်ပြန်ယူစဉ်ဖမ်းမိခဲ့ပြီးရာဇာသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အ ရ အမှုဖွင့်အရေးယူထားသည်။