ယာယီထိန်းသိမ်းရေးစခန်းများတွင် လူပြည့်နေခြင်းကြောင့် အမေရိကန်ပြည်ထောင်စုသို့ တရားမဝင်ဝင်ရောက်သူဟု သံသယရှိသူ ၁၆၀ဝ ကို သမ္မတထရမ့်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ရာဇဝတ်သားများ ထားရှိသည့် ဖက်ဒရယ် အကျဉ်းထောင်များသို့ ပို့ဆောင်မည်ဟု သိရသည်။
သမ္မတထရမ့်၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်လျှင် သည်းခံမှုသုည မူဝါဒအရ ထိန်းသိမ်းခဲ့ရခြင်းဖြစ်ပြီး အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်လိုက်နာရေးဌာန (အိုင်စီအီး)က အခြားသောထိန်းသိမ်းရန် သင့်တော်သည့်နေရာမတွေ့မချင်း ယာယီထိန်းသိမ်းထားမည်ဟုပြောသည်။ ထိန်းသိမ်းခံရသူ ၁၀ဝ၀ ခန့်သည် ကာလီဖိုးနီးယားရှိ အကျဉ်းထောင်တစ်ခုတည်းသို့ ပို့ဆောင်ခံရမည်ဖြစ်သည်။
;ကာလီဖိုးနီးယား၊ တက္ကဆက်နှင့် ဝါရှင်တန်ပြည်နယ် အကျဉ်းထောင်များရှိ ယူနီယံခေါင်းဆောင်များက ထိန်းသိမ်းခံများ လက်ခံရန် ပြင်ဆင်ချိန်အနည်းငယ်သာရရှိခဲ့ကြောင်း၊ ဝန်ထမ်းရေးရာနှင့်လုံခြုံမှုအတွက် စိတ်ပူကြောင်း ပြောဆိုခဲ့သည်။
;ယခင်အမေရိကန်အစိုးရများလက်ထက်က ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများအား မြို့ပြထိန်းသိမ်းရေးစခန်းများ သို့မဟုတ် ကျေးလက်အကျဉ်းစခန်းများသို့ ပို့ဆောင်ပြီး ကြားနာစစ်ဆေးမှုကို စောင့်စားရသည်။ ဖယ်ဒရယ်အကျဉ်းထောင်များမှာမူ ရာဇဝတ်အကျဉ်းသားများအတွက် ရည်ရွယ်ထားခြင်းဖြစ်၍ လူဝင်မှု ဥပဒေစွဲချက်တင်ခံရသူများကို ထားရှိရန် သင့်လျော်မည်မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများကိုယ်တိုင်က ပြောဆိုကြသည်။
ထရမ့်၏မူဝါဒကို ဖော်ဆောင်ရသည့် အိုင်စီအီးသည် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများနှင့် အမေရိကန်တွင် ခိုလှုံခွင့်ရလိုသူများကို ကိုင်တွယ်ပုံများအတွက် အပြင်းအထန်ဝေဖန်ခံနေရသည်။

















