ကာကွယ်ရေးနှင့် လုံခြုံရေးအသုံးစရိတ်အတွက် ဒေါ်လာ ၁၀ ဘီလီယံ ထိုင်းစစ်အစိုးရတောင်းဆို

ကာကွယ်ရေးနှင့် လုံခြုံရေးအသုံးစရိတ်အတွက် ဒေါ်လာ ၁၀ ဘီလီယံ ထိုင်းစစ်အစိုးရတောင်းဆို

ကာကွယ်ရေးနှင့် လုံခြုံရေးအသုံးစရိတ်အတွက် ဒေါ်လာ ၁၀ ဘီလီယံ လိုအပ်ကြောင်း ထိုင်းစစ်အစိုးရက ၎င်းတို့ ရွေးချယ်ခန့်အပ်ထားသူများ ပါဝင်သည့် အမျိုးသားညီလာခံသို့ ဇွန် ၇ ရက်တွင် တောင်းဆိုလိုက်ပြီဖြစ်သည်။

ယခုဝန်ကြီးဖြစ်နေသည့် စစ်ဦးစီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာက အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့သည့် ၂၀၁၄ ခုနှစ်မှစပြီး စစ်ရေးအသုံးစရိတ်တိုးမြင့်လာခဲ့သည်။ ယခင်ထိုင်းဗိုလ်ချုပ်များသည် အာဏာသိမ်းပြီးနောက်တွင် ယင်းကဲ့သို့ စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်ခဲ့စမြဲဖြစ်ကြောင်းသိရပြီး ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ်လာ ၇ ဘီလီယံ ကိုလိုအပ်ကြောင်း စစ်အစိုးရကတောင်းဆိုခဲ့သည်။ စစ်တပ်က အာဏာသိမ်းခဲ့သည့် လွန်ခဲ့သော လေးနှစ်မှစပြီး ဒေါ်လာ တစ်ဘီလီယံတိုးမြင့်လာခြင်းဖြစ်သည်။

ထို့အပြင် ခြိမ်းခြောက်မှုသစ်များကို တန်ပြန်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးကိုထိန်းသိမ်းကာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ ဆိုင်ဘာတိုက်ခိုက်မှုများနှင့် ထိုင်းဘုရင်စနစ်ကို ကာကွယ်ရန်တို့အတွက် နောက်ထပ် ဒေါ်လာ ၃ ဘီလီယံကိုလည်း လိုအပ်သေးကြောင်း စစ်အစိုးရက ပြောဆိုခဲ့သည်။ အသုံးစရိတ်သစ်သည် ယမနှ်တွင် ချမှတ်ခဲ့ပြီး လာမည့်အစိုးရအဆက်ဆက် မလိုက်နာမနေရ လိုက်နာရအောင် ဥပဒေဖြင့်ပြုလုပ်ထားသည့် နှစ် ၂၀ အမျိုးသားမဟာဗျူဟာစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီတွင် ရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်း ပရာယွတ်က ပြောဆိုခဲ့သည်။ အသုံးစရိတ်သစ်ဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်မည့် စစ်တပ်၏ထောက်မှုရသော နိ်ုင်ငံရေးပါတီအတွက် အသုံးပြုနိုင်ခြေရှိနေကြောင်း နာရဲဆွန်တက္ကသိုလ်မှ ထိုင်းနိုင်ငံရေးကျွမ်းကျင်သူ ပေါချိမ်ဘာစ်က ပြောဆိုခဲ့သည်။

;ထိုင်းစစ်အစိုးရသည် ယင်လပ်ရှင်နာဝတ်ဦးဆောင်သော အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်မည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သော်လည်း ၎င်းတို့၏ငွေကြေးသုံးစွဲမှုများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိသလို အဆင့်မြင့်အရာရှိများသည် တန်ဖိုးကြီးနာရီများ တစ်လုံးပြီးတစ်လုံးဝတ်ဆင်ခြင်းအပါအဝင် ခြစားမှုများကို ကျူးလွန်နေကြောင်း ပြောဆိုမှုများရှိနေသည်။