တောင်ဥက္ကလာပမြို့နယ်တွင် ဆေးသုတ်လုပ်သားချင်း စကားများရန်ဖြစ်သည့်ကိစ္စမကျေနပ်သဖြင့် ဓါးဖြင့်ထိုးသတ်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဇွန် ၈ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
ဇွန် ၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဆေးသုတ်လုပ် ငန်းလုပ်ကိုင်သူဦးဝင်းနိုင်သည် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁)ရပ်ကွက်၊ နှင်းဆီးလမ်းနှင့် မေတ္တာလမ်း ထောင့်ရှိဟိုတယ်တွင် ဆေးသုတ်ပြီးစီး၍ နေအိမ်သို့ပြန်ရန် ပြင်ဆင်နေစဉ်၎င်း ဟိုတယ် အပြင်ဘက် လမ်းမ ပေါ်တွင် ဓားထိုးမှုဖြစ်ပွားကြောင်းကြားသိရသဖြင့်သွားရောက်ကြည့် ရှုခဲ့ရာ ၄င်းအဖွဲ့မှဆေးသုတ်အလုပ်သမား ထိန်လင်းဖြစ်ပြီး ၄င်းတွင်ဝဲဘက်လက်ပြင်ထိုး သွင်းဒဏ်ရာ (၁)ချက်ရရှိကာ လဲကျနေသည်ကိုတွေ့ရှိခဲ့သည်။
၄င်းကိုအကျိုးအကြောင်းမေးမြန်းရာ အလုပ်အတူလုပ်ကိုင်သူ အောင်ဖြိုး(ခ)အောင်အောင်ဖြိုး၊ (၂၇)နှစ် ၎င်း၏ အစ်ကိုဖြစ်သူ နိုင်နိုင်ထွန်း (၃၂)နှစ်တို့က နေ့လယ်ပိုင်းတွင် လက်ဘက်ရည်ဆိုင်၌ စကားများသည့်ကိစ္စအား မကျေနပ်သဖြင့် နှင်းဆီလမ်းတွင် စောင့်ဆိုင်းကာ ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်းပြောပြသိရှိခဲ့သည်။
ဒဏ်ရာရရှိသူ ထိန်လင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် အောင်ဖြိုး(ခ)အောင်အောင်ဖြိုးနှင့် နိုင်နိုင်ထွန်းတို့အကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။တောင်ဥက္က လာ ပမြို့မရဲစခန်းက (ပ)၆၆၄/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၈ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် အမှုဖြင့်တိမ်းရှောင်နေ သူ အောင်ဖြိုး(ခ)အောင်အောင်ဖြိုးနှင့် နိုင်နိုင်ထွန်းတို့အား ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ကတိုက်ကြီးမြို့နယ်၊ ဖက်စက်ကျေးရွာမှ ဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေး လျက်ရှိသည်။

















