တယ်လ်အဗီး ဇွန် ၉
အစ္စရေးနိုင်ငံ တယ်လ်အဗီးမြို့၌ ဇွန် ၈ ရက်တွင် နှစ်စဉ်ကျင်းပနေကျ လိင်တူအရေးချီတက်ပွဲကို လူထောင်ပေါင်းများစွာပါဝင်ပြီး ချီတက်ပြုလုပ်ခဲ့သည်။
လိင်တူအရေးချီတက်ပွဲကို တယ်လ်အဗီး၌ ပြုလုပ်ခဲ့သည်မှာ အကြိမ် ၂၀ ရှိခဲ့ပြီဖြစ်ပြီး လူ ၂၅၀ဝ၀ဝ ကျော် ပါဝင်ချီတက်ခဲ့ကြောင်း တယ်လ်အဗီးစည်ပင်သာယာဌာနကပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်းမှ လူပေါင်းများစွာပါဝင်ချီတက်ခဲ့ကြခြင်းဖြစ်သည်။
တယ်လ်အဗီးသည် မိန်းမလျာ၊ ယောကျာ်းလျာနှင့် အခြားလိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုကွဲပြားသူများကို လက်ခံကြိုဆိုသည့် မြို့ဖြစ်ကြောင်း ဂျာမနီမှ ကော်ဒေလီယာလန်ဂေက ပြောဆိုခဲ့သည်။ တယ်လ်အဗီး၌ ပျော်ပွဲရွှင်ပွဲကိုကျင်းပနေချိန်တွင် မြို့မှ တောင်ဘက် ကီလိုမီတာ ၇၀ အကွာ အစ္စရေး-ဂါဇာနယ်စပ်၌ ဆန္ဒပြနေသည့် ပါလက်စတိုင်းသားများအား အစ္စရေးစစ်တပ်က ပစ်ခတ်မှုကြောင့် ဆန္ဒပြသူလေးဦးခန့်သေဆုံးခဲ့သည်။
အစ္စရေး၌ လိင်တူချစ်သူများသည် စစ်တပ်တွင်တာဝန်ထမ်းဆောင်နေပြီး အမတ်တချို့မှာလည်း လိင်တူချစ်သူများဖြစ်ကြသည်။ ထို့ပြင် နာမည်ကျော် အနုပညာရှင်များနှင့် ဖျော်ဖြေရေးသမားများသည်လည်း လိင်တူချစ်သူများဖြစ်ကြသည်။ ပါလက်စတိုင်းသားများကြားတွင်မူ လိင်တူချစ်သူအများစုသည် လူမှုဘဝများကို လျှို့ဝှက်ထားပြီး တချို့လည်း လုံခြုံမှုရှိရေးအတွက် အစ္စရေးဘက်သို့ ပြောင်းရွှေ့နေထိုင်ကြသည်။
လူများကြား ကွဲပြားမှုမရှိကြောင်း၊ အသားအရောင်၊ယဉ်ကျေးမှုတို့အရေးမပါဘဲ အရေးပါသည်မှာ အချစ်သည် အချစ်သာဖြစ်ကာ အချစ်ကသာ အနိုင်ရရှိမည်ဖြစ်ကြောင်း အစ္စရေး၌ နေထိုင်သည့် အာရပ်တစ်ဦးဖြစ်သည့် ဆာရီးအာဝတ်ကပြောဆိုခဲ့သည်။ အာရပ်နိုင်ငံအများစုတွင် လိင်တူချစ်မှုကို ရာဇဝတ်မှုလောက်နီးနီးသတ်မှတ်ထားကာ နှိမ်နင်းမှုများပြုလုပ်ခဲ့သည်။
အစ္စရေးသည် ပါလက်စတိုင်းသားများအပေါ် တင်းမာပြတ်သားသော မူဝါဒများချမှတ်ထားခြင်းကို ဖုံးဖိနိုင်ရန်အတွက် လိင်တူချစ်သည့် ယဉ်ကျေးမှုကို သည်းခံဟန်ပြထားခြင်းဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။

















