စင်ကာပူ ဇွန် ၉
စင်ကာပူရှိ မြောက်ကိုရီးယားသံအမတ်ကြီးစံအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်မှုဖြင့် တောင်ကိုရီးယားဂျာနယ်လစ်နှစ်ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။
ဇွန် ၇ ရက်တွင် စံအိမ်သို့လာရောက်ရန် ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ဇွန် ၁၀ ရက်တွင် စင်ကာပူသို့ရောက်ရှိမည်ဖြစ်သည်။
စင်ကာပူ၌ တွေ့ဆုံဆွေးနွေးမှုအောင်မြင်ပါက ကင်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။ အမေရိကန်သမ္မတသည်လည်း ဇွန် ၁၀ ရက်တွင် စင်ကာပူသို့ရောက်ရှိမည်ဖြစ်သည်။
အမေရိကန်နှင့် ဒေသဆိ်ုင်ရာမဟာမိတ်များက မြောက်ကိုရီးယားက နျူလက်နက်များကို ဖျက်သိမ်းပေးရန် ဆန္ဒရှိနေသော်လည်း ထရမ့်ကမူ ယင်းရည်ရွယ်ချက်ပေါက်မြောက်ရန် ဆွေးနွေးမှုတစ်ခုထက် ပိုုမိုလုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တောင်ကိုရီးယားရုပ်သံဌာန ကေဘီအက်စ်မှ အသက် ၄၂ နှင့် ၄၅ နှစ်အသီးသီးရှိသည့် တောင်ကိုရီးယားနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသားထားသည်။ အခြားတောင်ကိုရီးယားနိုင်ငံသားနှစ်ဦးကိုလည်း စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။ ထရမ့်နှင့်ကင် ထိပ်သီးအစည်းအဝေးအတွက် စင်ကာပူသို့ ဂျာနယ်လစ် ၃၀ဝ၀ ခန့်လာရောက်မည်ဖြစ်သည်။
ကင်နှင့် ရုပ်ချင်းဆင်တူသောကြောင့် နာမည်ကျော်ကြားနေသည့် အမျိုးသားတစ်ဦးကလည်း စင်ကာပူသို့ရောက်ပြီးပြီးချင်းတွင် စစ်ဆေးခြင်းကိုခံခဲ့ရကြောင်း ပြောဆိုခဲ့သည်။ ဟောင်ကောင်အခြေစိုက်အဆိုပါအမျိုးသားက ၎င်းကိုယ်၎င်း ဟောင်းဝပ်အိပ်စ်ဟု ခေါ်ဆိုထားသည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ နှစ်နာရီကြာ စစ်ဆေးခြင်းကိုခံခဲ့ရကြောင်း ၎င်းကပြောဆိုခဲ့သည်။
သူတို့က ကျွန်တော့်အိတ်တွေကိုရှာတယ်၊ ပြီးတော့ စင်ကာပူမှာ ဒီအချိန်က စပ်စပ်ထိမခံတဲ့အချိန်ဖြစ်တယ်၊ ဒါကြောင့် ဆန်တိုဆာကျွန်းနဲ့ ရှန်ဂရီလာဟိုတယ်တို့ကိုမသွားဖို့လည်း ပြောကြတယ် ဟု ဟောင်းဝပ်အိပ်စ်ကပြောဆိုခဲ့သည်။ မြောက်ကိုရီးယား နျူစီမံကိန်းကိုလက်လျှော့သွားရေးအတွက် ဖိအားအများဆုံးပေးမည့် မူဝါဒကိုကျင့်သုံးမည်ဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ သို့သော် ချစ်ကြည်ရေးဆွေးနွေးမည်ဖြစ်သောကြောင့် ဖိအားအများဆုံးပေးမည်ဆိုသည့် စကားကိုမသုံးလိုတော့ကြောင်း ထရမ့်က ဇွန် ၇ ရက်တွင်ပြောဆိုခဲ့သည်။

















