ဘရပ်ဆဲလ် ဇွန် ၉
အာဖဂန်နစ္စတန်အစိုးရက တာလီဘန်တို့အား တိုက်ခိုက်မှု ယာယီဆိုင်းငံ့ထားစဉ်အတွင်း အာဖဂန်ရှိ အိုင်အက်စ်အုပ်စုအား အမေရိကန်က အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က ပြောဆိုခဲ့သည်။
အာဖဂန်ကို အမေရိကန် ဝင်ရောက်ခဲ့ပြီး ၁၇ နှစ်ကြာသည်အထိ ခြိမ်းခြောက်မှုကျန်ရှိနေဆဲ အယ်လ်ခိုင်ဒါအပါအဝင် အိုင်အက်စ်အကြမ်းဖက်တိုက်ခိုက်ရေးသမားများအပေါ် ပိုမိုအာရုံစိုက်ထောက်လှမ်းတိုက်ခိုက်သွားမည်ဟု ဘရပ်ဆဲလ်တွင် ကျင်းပသည့် နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးများစည်းဝေးပွဲတွင် မက်တစ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဆီးရီးယားတွင် အိုင်အက်စ်တို့အား တိုက်ခိုက်မှု အဆုံးသတ်ခဲ့သည့်တိုင် ကျန်ရှိနေသေးသည့် အိုင်အက်စ်အုပ်စုအား စစ်ရေးအရ ဆက်လက်ဖိအားပေးရန်လည်း မက်တစ်က ပြောဆိုခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်က ဆီးရီးယားမှ အမေရိကန်တပ်များ မြန်နိုင်သမျှမြန်မြန် ထွက်ခွာလိုခြင်းနှင့်ပတ်သက်၍မူ မက်တစ်က မှတ်ချက်မပေးပေ။ သို့သော် ဆီးရီးယားတွင် ကွက်လပ်ကျန်ရစ်ခဲ့ပြီး အိုင်အက်စ်နှင့်အခြားအကြမ်းဖက်အဖွဲ့အစည်းများ ပြန်လည်ဝင်ရောက်နိုင်မှုကို ရှောင်ရှားရမည်ဟု ပြောဆိုခဲ့သည်။
အိုင်အက်စ်တို့ကြံ့ကြံ့ခံသည်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ၄င်းတို့သည်နယ်မြေဆုံးရှုံးသွားရုံသာမက အပြီးသတ်အရေးနိမ့်သည်အထိ တိုက်ခိုက်ရမည်ဟုလည်း ပြောဆိုခဲ့သည်။ အာဖဂန်သမ္မတ အာရှက်ဖ်ဂါနီက ယခုအပတ်အတွင်း အပစ်ရပ်စဲရေးကြေညာခဲ့သည်ကို တာလီဘန်အုပ်စုက သဘောတူလိုက်ပြီး ယင်းအတွက်တာလီဘန်များ ပြန်လည်စုဖွဲ့နိုင်မည်ကို မစိုးရိမ်ဟုလည်း အာဖဂန်ရှိ အမေရိကန်ဗိုလ်ချုပ်ကြီး နီကိုလ်ဆန်ကပြောဆိုသည်။ လိုအပ်ပါက တာလီဘန်များကို တိုက်ခိုက်ရန် အမေရိကန်တပ်များအသင့်ရှိသည်ဟုလည်းဆိုသည်။ အာဖဂန်အစိုးရတပ်များကို ထောက်ကူရန် တိုက်ခိုက်ရေးတာဝန်မယူသည့် အမေရိကန်တပ်အင်အား ၈၄၀ဝ ရှိနေဆဲဖြစ်ပြီး အခြားအင်အား ၇၀ဝ၀ ခန့်ကမူ အယ်လ်ခိုင်ဒါနှင့် အိုင်အက်စ်အုပ်စုကို တိုက်ခိုက်ဆဲဖြစ်သည်။
သမ္မတထရမ့်သည် လွန်ခဲ့သည့်သြဂုတ်တွင် အာဖဂန်ဆိုင်ရာမူဝါဒကို ကြေညာခဲ့စဉ်က အာဖဂန်ငြိမ်းချမ်းရေး လိုလားသည့် ပါကစ္စတန်နှင့်အခြားနိုင်ငံများအကူအညီဖြင့် တာလီဘန်တို့ကို အကြပ်ကိုင်ကာ စေ့စပ်ဆွေးနွေးစေမည်ဟု ပြောဆိုခဲ့သည်။

















