ဂျီဆဲဗင်းန်ထိပ်သီးစည်းဝေးပွဲ၌ သမ္မတထရမ့်နှင့် မဟာမိတ်များ ရင်းနှီးစွာဆက်ဆံသော်လည်း ရပ်တည်ချက် အလျှော့မပေးကြ

ဂျီဆဲဗင်းန်ထိပ်သီးစည်းဝေးပွဲ၌ သမ္မတထရမ့်နှင့် မဟာမိတ်များ ရင်းနှီးစွာဆက်ဆံသော်လည်း ရပ်တည်ချက် အလျှော့မပေးကြ

လာမားဘိုင်း    ဇွန် ၉
    ကနေဒါ၌ကျင်းပသည့် စက်မှုထိပ်သီးခုနစ်နိ်ုင်ငံ ဂျီဆဲဗင်းန်ထိပ်သီးစည်းဝေးပွဲ ပထမနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မဟာမိတ်ခေါင်းဆောင်များ တစ်ရင်းတနှီးဆက်ဆံပုံကို မြင်တွေ့ကြရသော်လည်း အမေရိကန်၏ အခွန်တိုးကောက်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုတွင် ရပ်တည်ချက်အသီးသီးဖြင့် အလျှော့မပေးကြဟု သိရသည်။

သမ္မတထရမ့်နှင့် အခြားခေါင်းဆောင်ခြောက်ဦးအကြား ကုန်သွယ်ရေးအပြင် ရာသီဥတုပြောင်းလဲရေး၊ အီရန်အရေးနှင့် အစ္စရေး ပါလက်စတိုင်းအရေးတို့တွင်လည်း သဘောထားကွဲပြားမှုများ ဖြစ်ပေါ်လျက်ရှိသည်။ သို့ဖြင့် သမ္မတထရမ့်သည် ဆွေးနွေးမှုများတွင် တစ်ဦးတည်းအထီးကျန်ဖြစ်နေပြီး ဆွေးနွေးပွဲမတက်မီ ဂျီဆဲဗင်းန် စည်းဝေးပွဲသို့ ရုရှားကိုပြန်လည်ဖိတ်ခေါ်သင့်ကြောင်း အံ့အားသင့်ဖွယ် ပြောဆိုမှုသည်လည်း ဆန့်ကျင်ခံခဲ့ရသည်။ မူလက ရုရှားပါဝင်ခဲ့၍ စက်မှုထိပ်သီးရှစ်နိုင်ငံဆွေးနွေးပွဲဖြစ်ခဲ့ရာမှ ခရိုင်းမီးယားကို ရုရှားကျူးကျော်ခဲ့ပြီးနောက် ၄င်းကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့ကာ ရုရှားကလည်း နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။
    ကုန်သွယ်ရေးညှိနှိုင်းစည်းဝေးပွဲများကို လုပ်ထုံးလုပ်နည်းအဆင့်၌ လာမည့်နှစ်ပတ်အတွင်း ကျင်းပရန် အမေရိကန်က သဘောတူထားကြောင်း ပြင်သစ်သမ္မတ၏လက်ထောက်များကို ကိုးကား၍ ရိုက်တာကဖော်ပြခဲ့သည်။ သမ္မတထရမ့်သည် နှစ်ရက်ကြာ ဂျီဆဲဗင်းန်ထိပ်သီးစည်းဝေးပွဲမှ စောစီးစွာထွက်ခွာမည်ဖြစ်ကာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ပထမဆုံးအကြိမ် သမိုင်းဝင်တွေ့ဆုံမည့် စင်ကာပူသို့ မကြာမီ ဦးတည်မည်ဖြစ်သည်။ ကင်ဂျုံအွန်သည်လည်း စင်ကာပူသို့ ဇွန် ၁၀ ရက်တွင် ရောက်ရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
    သမ္မတထရမ့်သည် အိမ်နီးချင်းနှင့် ဥရောပမဟာမိတ်များ၏ သံမဏိနှင့် အလျူမီနီယမ်ပို့ကုန်များအပေါ်ပါ အခွန်တိုးကောက်ရန် ဆုံးဖြတ်ခဲ့၍ ပြင်းထန်သည့်ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။