ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်အဖြစ် အင်ဒိုနီးရှား ရွေးချယ်ခံရ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်အဖြစ် အင်ဒိုနီးရှား ရွေးချယ်ခံရ

ကုလသမဂ္ဂ ဇွန် ၉
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်များကို ဇွန် ၈ ရက်တွင် မဲပေးရွေးချယ်ခဲ့ရာ အင်ဒိုနီးရှားသည် မော်လ်ဒိုက်စ်နိုင်ငံအပေါ် မဲအသာစီးရကာ အဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်ခံခဲ့ရသည်။

    အင်ဒိုနီးရှား၏ ကောင်စီအဖွဲ့ဝင်နေရာသည် ဇန်နဝါရီ ၁ ရက်တွင် စတင်သက်ရောက်မည်ဖြစ်သည်။ ဇွန် ၈ ရက်တွင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည့် အခြားနိုင်ငံလေးနိုင်ငံမှာ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ တောင်အာဖရိကနှင့် ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံတို့ဖြစ်သည်။
    လျှို့ဝှက်မဲပေးသည့် ရလဒ်များကို အထွေထွေညီလာခံဥက္ကဋ္ဌ မီရောဆလပ်လာချက်က ထုတ်ပြန်ခဲ့ပြီးနောက် ညီလာခံအဖွဲ့ဝင် ၁၉၃ နိုင်ငံတို့က ဝမ်းသာအားရ အားပေးခဲ့ကြသည်။ ယှဉ်ပြိုင်သည့်နိုင်ငံမရှိသည့် နိုင်ငံ လေးနိ်ုင်ငံသည် မဲ ၁၈၀ ကျော်ရရှိခဲ့သည်။ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေအများဆုံးနိုင်ငံဖြစ်ပြီး ကောင်စီအဖွဲ့ဝင်အဖြစ် ယခင်က သုံးကြိမ်ထမ်းဆောင်ခဲ့ရပြီးဖြစ်သည်။ အင်ဒိုနီးရှားသည် ထောက်ခံမဲ ၁၄၄ မဲရရှိခဲ့ပြီး ကောင်စီအဖွဲ့ဝင်တစ်ခါမျှမဖြစ်ဖူးသည့် မော်လ်ဒိုက်စ်က ထောက်ခံမဲ ၄၆ မဲရရှိခဲ့သည်။
    ငြိမ်းချမ်းရေးထိန်းသိမ်းမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ပဋိပက္ခတားဆီးမှု၊ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလျာထားချက်များပြည့်မီရေးအတွက် ကြိုးပမ်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကပြောဆိုခဲ့သည်။
    လုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံရှိပြီး အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့ဖြစ်ကာ အဖွဲ့ဝင် ၁၀ နိုင်ငံကို အထွေထွေညီလာခံက နှစ်နှစ်သက်တမ်းအတွက် ရွေးချယ်ပြီး ငါးနိုင်ငံကို နှစ်တိုင်းရွေးချယ်နေသည်။ 
    အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်များကို ဒေသဆိုင်ရာအဖွဲ့များကရွေးချယ်နေပြီး အင်ဒိုနီးရှားနှင့် မော်လ်ဒိုက်စ်တို့သည် အာရှ-ပစိဖိတ်ဒေသအတွက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ ကောင်စီအဖွဲ့ဝင်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည့် ဘယ်လ်ဂျီယံနှင့် ဂျာမနီတို့ကို အနောက်ဥရောပနိုင်ငံများနှင့် အခြားနိုင်ငံများအဖွဲ့ ( WEOG) တို့က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 
    တောင်အာဖရိကကို အာဖရိကနိုင်ငံများအဖွဲ့က ရွေးချယ်ခြင်းဖြစ်ပြီး ယင်းနိုင်ငံသည် ကောင်စီအဖွဲ့ဝင်အဖြစ် နှစ်ကြိမ်ရွေးချယ်ခံခဲ့ရပြီးဖြစ်သည်။ ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံကို လက်တင်အမေရိကနှင့် ကရစ်ဘီယံနိ်ုင်ငံများအဖွဲ့ က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။