ရိုမေးနီးယား၌ ဝက်သက်ရောဂါကြောင့် ကလေးများစွာသေဆုံး

ရိုမေးနီးယား၌ ဝက်သက်ရောဂါကြောင့် ကလေးများစွာသေဆုံး

ချီတီလာ ဇွန် ၉
ရိုမေးနီးယားနိုင်ငံ၌ ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့် မွေးခါစကလေးများအပါအဝင် ကလေးဒါဇင်ပေါင်းများစွာသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းများကပြောဆိုခဲ့သည်။

ဝက်သက်ဖြစ်ပွားသူအသစ် ၂၀ဝ ခန့်ကို အပတ်စဉ်တိုင်း စစ်ဆေးတွေ့ရှိနေသည်။ ရိုမေးနီးယားနိုင်ငံတွင်း ကာကွယ်ဆေးတိုက်ကျွေး၊ထိုးနှံမှုနည်းပါးမှုကြောင့်လည်း ဝက်သက်ဖြစ်ပွားသူဦးရေတိုးပွားလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများကပြောဆိုခဲ့သည်။ ရိုမေးနီးယားနာမည်ကျော်များက ဝက်သက်ရောဂါကာကွယ်ဆေးတိုက်ကျွေး၊ထိုးနှံခြင်းကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုများရှိနေပြီး ဒေသခံအယူသည်းမှုများကြောင့် ဆရာဝန်များ စိတ်ပျက်နေကြသည်။
    ကာကွယ်ဆေးအလုံအလောက်မရှိကြောင်း ဆရာဝန်တချို့ကပြောဆိုခဲ့သည်။ ရိုမေးနီးယား၌ ဝက်သက်ရောဂါကူးစက်ဖြစ်ပွားသည့် ၂၀၁၆ ခုနှစ်မှစပြီး လူ ၁၃၇၀ဝ ခန့် ရောဂါဖြစ်ပွားခဲ့ပြီး ၅၅ ဦးသေဆုံးခဲ့ကာ ၎င်းတို့အနက်တစ်ဦးသာ ကာကွယ်ဆေးထိုးထားသူဖြစ်ကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးအမျိုးသားဗဟိုဌာနက ပြောဆိုခဲ့သည်။
    ဥရောပ၌ ယမန်နှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွားသူဦးရေ သုံးဆတိုးလာခဲ့ပြီး ရိုမေးနီးယား၊ ယူကရိန်းနှင့် အီတလီတို့၌ ဖြစ်ပွားသူအများဆုံးဖြစ်ကြောင်း ဥရောပရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနက ပြောဆိုခဲ့သည်။ ရိုမေးနီးယားနိုင်ငံသားသန်းပေါင်းများစွာသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသောကြောင့် ဝက်သက်ရောဂါမျိုးစုံနှင့်ထိတွေ့ခဲ့ရကာ ယင်းနောက် မိခင်နိုင်ငံသို့ပြန်လာခဲ့သောကြောင့် ဖြစ်ပွားသူဦးရေများနေခြင်းဖြစ်ကြောင်း ဘူခါရက်ရှိ ကူးစက်ရောဂါများအင်စတီကျုမှ ပညာရှင်အလက်ဇန်ဒရူရာဖီလာကပြောဆိုခဲ့သည်။
    ၂၀၁၆ ခုနှစ်တွင် ရိုမေးနီးယားအနောက်မြောက်ပိုင်း ရိုးမားရှိ ရပ်ကွက်တစ်ခုတွင် ဝက်သက်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဝက်သက်အမျိုးအစားသည် ရိုးမေးနီးယားတွင် ယခင်ကဖြစ်ပွားဖူးသည့် အမျိုးအစားမဟုတ်ဘဲ အီတလီ၌သာတွေ့ရှိခဲ့ဖူးသည့် အမျိုးအစားဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ရုပ်သံအစီအစဉ်တင်ဆက်သူ အိုလီဗီယာစတီးသို့ နာမည်ကျော်များက ကာကွယ်ဆေးတိုက်ကျွေး၊ထိုးနှံခြင်းကိုဆန့်ကျင်သည့် လှုပ်ရှားမှုများကိုပြုလုပ်နေသောကြောင့် ဒေါက်တာရာဖီလာကဲ့သို့ ဆရာဝန်များ စိတ်ပျက်နေကြသည်။
    ဝက်သက်ရောဂါကာကွယ်ဆေးနှင့် အော်တီဇင်ရောဂါတို့ကြား ဆက်စပ်မှုမှာ မှန်ကန်ခြင်းမရှိကြောင်း သုတေသနပြုမှုများအရ ထုတ်ဖော်ခဲ့ပြီးဖြစ်သော်လည်း လူများက စိုးရိမ်နေဆဲဖြစ်ကြောင်း ဆရာဝန်များကပြောဆိုခဲ့သည်။