အမေရိကန်ပြည်ထောင်စု၌ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်း ၂၅ ရာခိ်ုင်နှုန်းမြင့်တက်

အမေရိကန်ပြည်ထောင်စု၌ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်း ၂၅ ရာခိ်ုင်နှုန်းမြင့်တက်

ဝါရှင်တန် ဇွန် ၉
အမေရိကန်ပြည်ထောင်စု၌ ၁၉၉၉ ခုနှစ်မှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကိုယ့်ကိ်ုယ်ကိုယ်သတ်သေမှုနှုန်းမြင့်တက်ခဲ့ကြောင်း အစိုးရ၏လေ့လာမှုတွင်ဖော်ပြထားသည်။

အမေရိကန်ပြည်နယ်ထက်ဝက်ကျော်တို့၌ ကိုယ့်ကိ်ုယ်ကိုယ်သတ်သေမှုနှုန်း ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့်ဆိုပါက ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာန( စီဒီစီ) ၏လေ့လာမှုတွင်ဖော်ပြထားသည်။ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ ကိတ်စပိတ်နှင့် စားဖိုမှူး အန်ထော်နီဘော်ဒင်းတို့ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ပြီးနောက် ယခုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 
    ယင်းကြောင့် အမေရိကန်နိုင်ငံသား ၁၀ဝ၀ဝ၀ လျှင် ၁၆ ဦးသည် ကိုယ့်ကိုယ်ကိုယ်သတ်သေနိ်ုင်ခြေရှိနေကြောင်း အဓိပ္ပါယ်ရနေသည်။ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းမှာပင် အမေရိကန်နိုင်ငံသား ၄၅၀ဝ၀ ခန့် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည်။ ကျားမ၊ အသက်အရွယ်၊ လူမျိုး မကွဲပြားဘဲ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ကြခြင်းဖြစ်ကြောင်း စီဒီစီကပြောဆိုခဲ့သည်။
    ကိုယ့်ကိုယ်ကိုယ်သတ်သေမှုများပြားခဲ့သည့် ပြည်နယ်များမှာ အမေရိကန်အနောက်နှင့် အနောက်အလယ်ပိုင်းပြည်နယ်များဖြစ်ကြသည်။ သတ်သေရသည့် အကြောင်းအရင်းတစ်ခုတည်းမရှိသော်လည်း လူမှုဆက်ဆံရေးအခြေအနေဆိုးရွားမှုနှင့် ငွေကြေးအခက်အခဲတို့ကြောင့် သတ်သေမှုအများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လေ့လာမှုကိုဦးဆောင်ခဲ့သည့် ဒေါက်တာ ဒဲဘိုရာစတုန်းကပြောဆိုခဲ့သည်။
    အမေရိကန်အနောက်ပိုင်းရှိ ပြည်နယ်များသည် သမိုင်းတစ်လျှောက် ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအများဆုံးပြည်နယ်များဖြစ်ကြပြီး ယင်းပြည်နယ်များသည် ကျေးလက်နေ ပိုများခြင်းကြောင့် ဖြစ်နိုင်ခြေများကြောင်း ဒေါက်တာစတုန်းကပြောဆိုခဲ့သည်။ ကျေးလက်နေပိုများသော ပြည်နယ်များသည် စီးပွားရေးအကျပ်အတည်းမှ ပြန်နာလန်ထစသာ ရှိနေသေးပြီး ယင်းတွင်နေထိုင်သူများသည် ထိရောက်သော ကုသမှုများကိုခံယူရခြင်းမရှိတတ်ကြကြောင်း ၎င်းကပြောဆိုခဲ့သည်။
    သတ်သေမှုဖြစ်ပွားကြောင်း သတင်းပို့သည့် စနစ်ပိုမိုကောင်းမွန်လာခြင်းကြောင့် သတ်သေမှုဖြစ်ပွားနှုန်းမြင့်တက်ခြင်းကို သိရှိခဲ့ရခြင်းဖြစ်ကာ အမေရိကန်ပြည်ထောင်စု၌ စိတ်ကျန်းမာရေးသုတေသနနှင့် ကြိုတင်ကာကွယ်စောင့်ရှောက်မှုစနစ်တို့အတွက် ငွေကြေးထောက်ပံ့မှုမလုံလောက်သေးကြောင်း အမေရိကန်ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဂျူလီဆဲရယ်ကပြောဆိုခဲ့သည်။
    ၂၀၁၈ ခုနှစ်အထိ အမေရိကန်ပြည်နယ် ၁၀ ခုတွင်သာ ကျန်းမာရေးဝန်ထမ်းများအား ကိုယ့်ကိ်ုယ်ကိုယ်သတ်သေမှုကာကွယ်ရေးသင်တန်းပေးခဲ့သည်။ ထို့ပြင် လက်နက်ကိုင်ဆောင်ခွင့်ပေးထားခြင်းကြောင့်လည်း သတ်သေမှုနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ပါမောက္ခဆဲရယ်ကပြောဆိုခဲ့သည်။
    အမေရိကန်ပြည်ထောင်စု၌ သေနတ်နှင့်ဆက်စပ်ပြီး သေဆုံးမှုများအနက် သုံးပုံနှစ်ပုံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုများဖြစ်ကြောင်း စီဒီစီ၏စာရင်းအင်းများတွင်ဖော်ပြထားသည်။
    ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည့် အမေရိကန် ၅၄ ရာခိုင်နှုန်းသည် စိတ်ကျန်းမာရေးကောင်းမွန်သူများဖြစ်ကြောင်း စီဒီစီ၏လေ့လာမှုတွင်ဖော်ပြထားသည်။