စင်ကာပူ ဇွန် ၁၀
အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့အကြား သမိုင်းဝင် ထိပ်သီးစည်းဝေးပွဲတက်ရောက်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် သမ္မတဒေါ်နယ်ထရမ့်ထက်စောစီးစွာ စင်ကာပူသို့ ဇွန် ၁၀ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
တရုတ်လေကြောင်းပိုင်အထူးလေယာဉ်ဖြင့် ရောက်ရှိလာသည့် ကင်ဂျုံအွန်ကို ချန်ဂီလေဆိပ်၌ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခရစ်ရှနန်က ကြိုဆိုခဲ့သည်။ ယင်းနောက် ကင်ဂျုံအွန်သည် စင်ကာပူဝန်ကြီးချုပ် လီရှန်လုန်းနှင့်တွေ့ဆုံမည်ဖြစ်သည်။ လီရှန်လုန်းသည် ဇွန် ၁၁ ရက်၌ သမ္မတထရမ့်နှင့် သီးခြားတွေ့ဆုံဦးမည်ဖြစ်သည်။
ကနေဒါတွင် ဂျီဆဲဗင်းထိပ်သီးစည်းဝေးပွဲတက်ရောက်ခဲ့ပြီး စင်ကာပူသို့ ထွက်ခွာလာပြီဖြစ်သည့် သမ္မတထရမ့်က ကင်ဂျုံအွန်နှင့်တွေ့ဆုံမည့်ကိစ္စအပေါ် အကောင်းမြင်သဘောထား ထုတ်ပြန်ထားခဲ့သည်။ ကင်နှင့်တွေ့လျှင် ပထမဆုံးမိနစ်မှာပင် အချင်းချင်းသဘောကျသွားရန် မျှော်လင့်သည်ဟုလည်း ထရမ့်က ပြောဆိုခဲ့သည်။
ကင်နှင့်တွေ့ဆုံရာတွင် တစ်ကြိမ်တည်းဖြင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး အဖြေရရှိလိုကြောင်းလည်း ထရမ့်က ပြောဆိုခဲ့သည်။ နျူကလီးယားကင်းစင်ရေးဆောင်ရွက်နိုင်ပါက မြောက်ကိုရီးယားသည် တိုတောင်းသည့်အချိန်အတွင်း အံ့မခန်းတိုးတက်သည့်နိုင်ငံတစ်ခု ဖြစ်လာနိုင်ကြောင်းလည်း ထရမ့်က ပြောဆိုခဲ့သည်။
ထရမ့်နှင့်ကင်အကြား တွေ့ဆုံပွဲဖြစ်မြောက်ရန် အမေရိကန်အဖွဲ့တစ်ဖွဲ့သည် တောင်ကိုရီးယားတွင် ရောက်ရှိနေပြီး နယ်စပ်စစ်မဲ့ဇုန်တွင် မြောက်ကိုရီးယားနှင့် မကြာခဏတွေ့ဆုံညှိနှိုင်းခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို အပါအဝင် အမေရိကန်အရာရှိများက မြောက်ကိုရီးယားသည် နျူကလီးယားအပြည့်အဝကင်းစင်ရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း ပြောဆိုခဲ့ကြပြီး ယင်းအရေးနှင့်ပတ်သက်၍ ပြုံယမ်းတွင်သာမက ဝါရှင်တန်နှင့်ဆိုးလ်ပါ တုံ့ပြန်မှုအတွက် ပြင်ဆင်ရန်လိုအပ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

















