ပေကျင်း ဇွန် ၁၀
သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုရှိမရှိကို မြို့များ၊ ဒေသများသို့ ချဲ့ထွင်မှုပြုလုပ်မည်ဖြစ်ပြီး ယင်းစစ်ဆေးမှုသည် ဇွန်မှ လာမည့်နှစ် ဧပြီအထိကြာမြင့်မည်ဖြစ်ကြောင်း တရုတ်ဂေဟဗေဒနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန( အမ်အီးအီး) က ဇွန် ၉ ရက် အနှောင်းပိုင်းတွင် ထုတြ်ပန်ခဲ့သည်။
ကနဦးတွင် ပေကျင်း၊ တီယန်ကျင်း၊ ဟဲဘေးနှင့် ပတ်ဝန်းကျင်ဒေသများတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ယခုနှစ် ဇွန် ၁၁ ရက်မှစပြီး ၂၀၁၉ ခုနှစ် ဧပြီ ၂၈ ရက်အထိ ရှန်ဟိုင်း၊ ချန်းဆု၊ ကျဲချင်းနှင့် အန်ဟွီခရိုင်များအပါအဝင် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၊ နိုင်ငံအနောက်မြောက်ပိုင်းရှိ ရှန်ရှီနှင့် ရှာအန်းရှီခရိုင်များရှိ မြို့ ၁၁ မြို့တို့အထိ ချဲ့ထွင်ကာ စစ်ဆေးမှုများကိုပြုလုပ်သွားမည်ဖြစ်သည်။ စစ်ဆေးသူ ၁၈၀ဝ၀ ဦးနှင့် ထောက်ပံ့ရေးဝန်ထမ်းများပါဝင်သော အဖွဲ့ ၂၀ဝ ကို အဆိုပါဒေသများသို့ စေလွှတ်မည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ဆောင်ရန် တားမြစ်ကန့်သတ်မှုများကြောင့် တရုတ်စီးပွားရေးတိုးတက်မှု ထိခိုက်ခဲ့သည်။ တရုတ်၏သံမဏိမြို့တော်ဖြစ်သော တန်ရှန်း၌ ယခုနှစ် ပထမသုံးလအတွင်း ဂျီဒီပီသည် ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ စက်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့်မြေအသုံးပြုသည့် ကဏ္ဍများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိကို တိုးမြှင့်စစ်ဆေးမည်ဖြစ်ကြောင်း အမ်အီးအီး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လွန်ခဲ့သော ဆောင်းရာသီအတွင်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများသည့် နေ့ရက်များတွင် စက်ရုံများအား ထုတ်ကုန်၏ ၅၀ ရာခိ်ုင်နှုန်းကို လျှော့ချထုတ်လုပ်ရန် အစိုးရက ညွှန်ကြားထားသည်။ ၂၀၁၈ ခုနှစ်အတွင်း အစိုးရသည် နေအိမ်အလုံး လေးသန်းသို့ သဘာဝဓာတ်ငွေ့သို့မဟုတ် လျှပ်စစ်ဓာတ်ပေးပို့နိုင်ရန် စီစဉ်ထားသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာမှ ၂၀၁၈ ခုနှစ် မတ်အထိ ဆောင်းရာသီခြောက်လအတွင်း မြို့ ၂၈ မြို့၌ လေထဲပါဝင်သာ ပီအမ် ၂ ပွိုင့် ၅ အမှုန်များကို ၁၀ မှ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချရန် အစိုးရက ညွှန်ကြားထားသည်။
ဒေသတချို့တွင် တိုးတက်မှုများရှိခဲ့သော်လည်း ပေကျင်း၊ တီယန်ကျင်း၊ ဟဲဘေးတို့သည် နိုင်ငံတွင်း ညစ်ညမ်းမှုအရှိဆုံးဒေသများဖြစ်နေဆဲဖြစ်ကြောင်း အမ်အီးအီးကပြောဆိုခဲ့သည်။

















