ချင်ဒို ဇွန် ၁၀
စက်မှုထိပ်သီးခုနစ်နိုင်ငံ ဂျီဆဲဗင်းထိပ်သီးဆွေးနွေးပွဲက ကုန်သွယ်ရေးတင်းမာမှုများဖြင့် ဖရိုဖရဲအဆုံးသတ်စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အက်စ်အိုစီ)သို့ ဝင်ရောက်ခဲ့သည့်အဖွဲ့ဝင်သစ်များကို ကြိုဆိုလိုက်ရင်း လွတ်လပ်စွာကုန်သွယ်ရေးကို အမွှမ်းတင်ချီးကျူးလိုက်သည်။
တရုတ်မြောက်ပိုင်း ချင်ဒိုဆိပ်ကမ်းမြို့တွင် ယခုအပတ်တွင်း ကျင်းပသည့် အက်စ်အိုစီထိပ်သီးတွေ့ဆုံပွဲသို့ လွန်ခဲ့သည့်နှစ်က အဖွဲ့ဝင်သစ်ဖြစ်လာသည့် အိန္ဒိယနှင့် ပါကစ္စတန်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။ အိမ်ရှင်တရုတ်သမ္မတနှင့်အတူ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဂာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်တို့မှ နိုင်ငံအကြီးအကဲများ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
မိမိတို့သည် တစ်ကိုယ်ကောင်းဆန်ခြင်း၊ အမြင်ကျဉ်းမြောင်းခြင်းနှင့် တံခါးပိတ်မူဝါဒများကို ဆန့်ကျင်ဖယ်ရှားရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းများကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ဘက်စုံကုန်သွယ်ရေးမူဝါဒကို အားပေးရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့စီးပွားရေးကို ပွင့်လင်းစွာတည်ဆောက်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောဆိုခဲ့သည်။
ရှီ၏မှတ်ချက်က ၄င်းနှင့်လည်းအငြင်းပွားနေသည့် သမ္မတထရမ့်ကို တိုက်ရိုက်ရည်ညွန်းခြင်းမပြုသော်လည်း ဝါရှင်တန်က သွင်းကုန်ထိန်းချုပ်ရေးကြိုးပမ်းနေစဉ် ပေကျင်းသည် လွတ်လပ်စွာကုန်သွယ်ရေးဘက်မှ ခုခံကာကွယ်သူအသွင် ဆောင်ခဲ့သည်။ သို့သော် တရုတ်ဈေးကွက်သည် ပိတ်ဆို့မှုအများဆုံးဈေးကွက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။
ပေကျင်းဦးဆောင်သည့် အက်စ်အိုစီအဖွဲ့အစည်းသည် အနောက်နိုင်ငံများကဦးဆောင်သည့်အစီအစဉ်ကို တုံ့ပြန်စိန်ခေါ်ရန် နည်းလမ်းရှာဖွေသည့်အဖွဲ့အစည်းအဖြစ် ကျွမ်းကျင်သူများက ရှုမြင်ကြသည်။ ၂၀ဝ၁ ခုနှစ်က စတင်ခဲ့သည့် အဖွဲ့အစည်းသည် မူလက မော်တော်ကားဖြင့်နယ်စပ်ဖြတ်ကျော်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အာဖဂန်သို့ အမေရိကန် ကျူးကျော်လာချိန်တွင် ဗဟိုအာရှအား အမေရိကန်လွှမ်းမိုးမှုတန်ပြန်ရန် ရည်ရွယ်ခဲ့သည်။
စည်းဝေးပွဲသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း တက်ရောက်ခဲ့သလို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါ မိုဒီနှင့် ပါကစ္စတန်သမ္မတ မမ်နွန်းဟူစိန်တို့လည်း တက်ရောက်ခဲ့၍ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။

















