ကဘူး၌ ဗုံးခွဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် အွန်လိုင်းမှတစ်ဆင့် ပစ္စည်းများ ဝယ်ယူနေကြဟုဆို

ကဘူး၌ ဗုံးခွဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် အွန်လိုင်းမှတစ်ဆင့် ပစ္စည်းများ ဝယ်ယူနေကြဟုဆို

ကဘူး ဇွန် ၁၀ 
    အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူး၌ နေထိုင်သူများသည် ဗုံးပေါက်ကွဲမှုနှင့် လိင်ပိုင်းအနှောင့်အယှက်ပေးမည်တို့ကို စိုးရိမ်သောကြောင့် အွန်လိုင်းမှတစ်ဆင့် ပစ္စည်းဝယ်ယူမှုများကိုပြုလုပ်နေကြပြီဖြစ်သည်။ 

 
    ကဘူး၌ အသေခံဗုံးခွဲမှုနှင့် အခြားတိုက်ခိုက်မှုများကြောင့် ယခုနှစ်အတွင်း လူရာပေါင်းများစွာသေဆုံးခဲ့ပြီးဖြစ်သည်။ ယခုနှစ် အောက်တိုဘာတွင် ပြုလုပ်မည့် ရွေးကောက်ပွဲများမတိုင်မီတွင် လုံခြုံရေးအခြေအနေ ယိုယွင်းပျက်စီးဦးမည် ဖြစ်ကြောင်း ခန့်မှန်းမှုများလည်းရှိနေသည်။ ထို့ပြင် လမ်းမများပေါ်၌ လိင်ပိုင်းအနှောင့်အယှက်ပေးမှုလည်း မကြာခဏဖြစ်ပွားနေသည်။ 
    အိဒ်အားလပ်ရက် ပထမဆုံးသုံးရက်ကို အပစ်အခတ်ရပ်စဲရေးကာလအဖြစ် သတ်မှတ်ကြောင်း တာလီဘန်များက ဇွန် ၉ ရက်တွင် ကြေညာခဲ့ပြီးဖြစ်သည်။ အစိုးရကလည်း ဇွန် ၂၀ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည်။ AzadBazar.af၊ afom.af၊ JVBazar.com နှင့် zarinas.com အစရှိသည့် လက်လီဆိုင်များသည် အလှကုန်ပစ္စည်း၊ ကွန်ပျူတာ၊ မီးဖိုချောင်သုံးပစ္စည်းနှင့် ပရိဘောဂများမှစပြီး မော်တော်ယာဉ်၊ ကော်ဇောနှင့် အိမ်ခြံမြေများအထိ ရောင်းချမှုများပြုလုပ်နေသည်။ ဝက်ဘ်ဆိုက်တစ်ခုဆိုလျှင် ရိုးလက်ဇ်၊ အားဒီးဒက်ဇ်နှင့် ဇာရာကဲ့သို့ နိုင်ငံခြားတံဆိပ်များကိုရောင်းချနေကြောင်း ကြော်ငြာထားသည်။
    စစ်ဖြစ်နေသည့် နိုင်ငံတွင် အွန်လိုင်းမှ ဈေးဝယ်ရခြင်းသည် အတွေ့အကြုံကောင်းတစ်ခုဖြစ်ကြောင်း ကျောင်းသူတစ်ဦးဖြစ်သည့် အဆီလာဆူလေမာနီကပြောဆိုခဲ့သည်။ အာဖဂန်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သည် အသက် ၂၅နှစ်အောက်အရွယ်များဖြစ်ကြပြီး ၎င်းတို့အနက်အများစုမှာ စမတ်ဖုန်းကိုတွင်တွင်ကျယ်ကျယ်သုံးသူများဖြစ်ကြသည်။ ပေါက်ကွဲမှုဖြစ်ပွားမည်နှင့် လိင်ပိုင်း အနှောင့်အယှက်ပေးမည်ကို တစ်ချိန်လုံးစိုးရိမ်နေရကြောင်း အဆီလာကပြောဆိုခဲ့သည်။
     အသက် ၂၈ နှစ်အရွယ် တာမင်ရာဆာသည် လွန်ခဲ့သော ရှစ်လခန့်တွင် ဒေါ်လာ ၃၀ဝ၀ဝ ဖြင့် ရာဆာအွန်လိုင်း အရောင်းဆိုင်ကိုတည်ထောင်ခဲ့သူဖြစ်သည်။ ယခုအချိန်တွင် ၎င်းသည် စတိုးဆိုင် ၈၀ ၊ ကုန်သည်များစွာတို့နှင့် စာချုပ်များ ချုပ်ဆိုခဲ့ပြီးဖြစ်သည်။ ရာဆာအွန်လိုင်း၏ဖောက်သည်များအနက် ၈၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကာ အလှကုန်ပစ္စည်းသည် ရောင်းအားအကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ 
    အာဖဂန်မာ့ခ်ကိုတည်ထောင်ထားသည့် အသက် ၂၇ နှစ်အရွယ် အစ်မာတူလာကလည်း စိုးရိမ်စရာအကောင်းဆုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဗုံးခွဲတိုက်ခိုက်ခံရပါက တစ်ကြိမ်တည်းပေါက်ကွဲသည်မဟုတ်ဘဲ နှစ်ကြိမ်သုံးကြိမ် ပေါက်ကွဲမှုဖြစ်ပွားလေ့ ရှိတတ်ကြောင်း ပြောဆိုခဲ့သည်။ ကုန်ပစ္စည်းများကို မော်တော်ဆိုင်ကယ်သို့မဟုတ် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်မှတစ်ဆင့် ပို့ဆောင်ပေးလေ့ရှိသည်။ ပို့ဆောင်ပေးသူများသည် တစ်လလျှင် အာဖဂန်နစ္စတန်သုံးငွေ အာဖဂါနီ ၈၀ဝ၀( ၁၂၂ ဒေါ်လာ) ခန့် ဝင်ငွေရှိနေသည်။