သမ္မတပူတင်နှင့် သမ္မတထရမ့်တို့ ဗီယင်နာ၌ တွေ့ဆုံဖွယ်ရှိကြောင်း ရုရှားအစိုးရထုတ်ပြန်

သမ္မတပူတင်နှင့် သမ္မတထရမ့်တို့ ဗီယင်နာ၌ တွေ့ဆုံဖွယ်ရှိကြောင်း ရုရှားအစိုးရထုတ်ပြန်

မော်စကို ဇွန် ၁၀ 
    ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့သည် ၎င်းတို့နှစ်ဦးတွေ့ဆုံရန်နေရာအဖြစ် သြစတြီးယားနိုင်ငံမြို့တော် ဗီယင်နာကို ရွေးချယ်ဖွယ်ရှိနေကြောင်း ရုရှားအစိုးရက ဇွန် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပူတင်နှင့် ထရမ့်တို့သည် မတ်လတွင်း ဖုန်းပြောဆိုစဉ် တွေ့ဆုံမည့်နေရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ပူတင်၏ပြောခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က သတင်းထောက်များအား ပြောဆိုခဲ့သည်။ ထိပ်သီးတွေ့ဆုံပွဲအတွက် တိကျသော သဘောတူညီမှုနှင့် အစီအစဉ်များမရှိသေးကြောင်း ပက်စ်ကော့ဗ်က တရုတ်နိုင်ငံ ချင်တောက်၌ ပြောဆိုခဲ့သည်။ 
    ချင်တောက်၌ ပြုလုပ်နေသည့် ဒေသဆိုင်ရာထိပ်သီးအစည်းအဝေးတစ်ခုကို ပူတင်က တက်ရောက်နေခြင်းဖြစ်သည်။ ပူတင်နှင့် သြစတြီးယားဝန်ကြီးချုပ်ဇီဘက်ရှန်းကုဇ်တို့ မကြာသေးမီရက်ပိုင်းအတွင်း တွေ့ဆုံစဉ် ထရမ့်နှင့် ပူတင် တွေ့ဆုံပွဲကို ဗီယင်နာ၌ ကျင်းပလျှင်သင့်လျော်နိုင်ခြေရှိမရှိကို ဆွေးနွေးခဲ့ကြောင်း ပက်စ်ကော့ဗ်ကပြောဆိုခဲ့သည်။ ၎င်းနှင့် ထရမ့်တို့ကြား ပြဿနာများရှိနေသောကြောင့် ထိပ်သီးအစည်းအဝေးကို ယခုလောလောဆယ်တွင် ပြုလုပ်နိုင်ဦးမည်မဟုတ်ကြောင်း ပူတင်က လွန်ခဲ့သောလတွင် ပြောဆိုခဲ့သည်။ ရုရှားနှင့် အမေရိကန်တို့သည် ထိပ်သီးဆွေးနွေးပွဲအတွက် ဦးစွာ သဘောတူညီမှုယူရဦးမည်ဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောဆိုခဲ့သည်။