ကင်ဂျုံအွန်နှင့်တွေ့ဆုံပြီး တစ်ထိုင်တည်းနှင့် ငြိမ်းချမ်းရေးရချင်ဟု သမ္မတထရမ့်ပြောဆိုပြန်

ကင်ဂျုံအွန်နှင့်တွေ့ဆုံပြီး တစ်ထိုင်တည်းနှင့် ငြိမ်းချမ်းရေးရချင်ဟု သမ္မတထရမ့်ပြောဆိုပြန်

ဝါရှင်တန်    ဇွန် ၁၀
    ဇွန် ၁၂ ရက် စင်ကာပူတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးသည့်အခါ တစ်ထိုင်တည်းဖြင့် ငြိမ်းချမ်းရေးရယူလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့့်က ပြောဆိုခဲ့ပြန်ကြောင်း သိရသည်။

ကနေဒါမှ ထွက်ခွာခဲ့ပြီး စင်ကာပူသို့ဦးတည်နေသည့် ထရမ့်က ယင်းထိပ်သီးတွေ့ဆုံပွဲကို ငြိမ်းချမ်းရေးမစ်ရှင်ဟု ကင်ပွန်းတပ်လိုက်ပြီး ကင်ဂျုံအွန်သည် ဇွန် ၁၀ ရက်နေ့လယ်၌ စင်ကာပူသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကင်အတွက် စင်ကာပူခရီးစဉ်မှာ မြောက်ကိုရီးယားခေါင်းဆောင်အနေဖြင့် တတိယမြောက်ပြည်ပခရီးစဉ်ဖြစ်ပြီး ယခင်ခရီးစဉ်နှစ်ခုမှာ တရုတ်သို့သွားရောက်ခဲ့ခြင်းသာဖြစ်သည်။
    စင်ကာပူ၊ ဆန်တိုစာကျွန်းရှိ ဟိုတယ်တစ်ခုတွင်တွေ့ဆုံမည့် ထရမ့်နှင့်ကင်တို့သည် စင်ကာပူဝန်ကြီးချုပ် လီရှန်လုန်းနှင့် အသီးသီးဦးစွာတွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ထရမ့်နှင့်ကင်တွေ့ဆုံမှုသည် မြောက်ကိုရီးယားခေါင်းဆောင် တစ်ဦးနှင့့် အာဏာရှိအမေရိကန်သမ္မတတစ်ဦးတို့ ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။
    ပြီးခဲ့သည့် ၁၈ လအတွင်း နှစ်နိုင်ငံဆက်ဆံရေး အတက်အကျအမျိုးမျိုး ဖြစ်ပေါ်ခဲ့ပြီးနောက် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် ယင်းတွေ့ဆုံမှုတွင် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်စီမံကိန်း ဖျက်သိမ်းပေးရန် အမေရိကန်ဘက်က မျှော်လင့်သည်။ နျူကလီးယားလက်နက်စီမံကိန်းကို လက်လျှော့ပါက ကင်နှင့် ၄င်း၏အစိုးရအဖွဲ့ကို စောင့်ကြည့်ပြီး အကာအကွယ် ပေးမည်ဖြစ်ကြောင်းလည်း ဇွန် ၉ ရက်၌ သမ္မတထရမ့်က ထပ်မံကတိပြုပြောကြားခဲ့သည်။
    မည်သည့်အရာကို ယုံကြည်ရမှန်းမသိသည့်အခြေအနေဖြစ်သော်လည်း မိမိကိုယ်မိမိ ယုံကြည်မှုရှိနေကြောင်း၊ ကင်ဂျုံအွန်သည် ၄င်း၏ပြည်သူများအတွက် တစ်စုံတရာကြီးကြီးမားမား ဆောင်ရွက်ပေးလိုပြီး ယင်းသို့ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကို နောက်တစ်ကြိမ်ရရှိနိုင်မည်မဟုတ်ကြောင်း ထရမ့်က ပြောသည်။ ယင်းကြောင့် တစ်ကြိမ်တည်းဖြင့် ကိစ္စပြီးပြတ်နိ်ုင်သည်ဟု ထင်မြင်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။