စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေး အဆင်မပြေစွာ ပြီးဆုံး ပူးတွဲကြေညာချက်မှ အမေရိကန်နုတ်ထွက်ခဲ့

စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေး အဆင်မပြေစွာ ပြီးဆုံး ပူးတွဲကြေညာချက်မှ အမေရိကန်နုတ်ထွက်ခဲ့

တော်ရွန်တို     ဇွန် ၁၀
    ကနေဒါနိုင်ငံတွင် ကျင်းပသည့် စက်မှုထိပ်သီး ၇ နိုင်ငံအစည်းအဝေး အပြီးသတ် ပူးတွဲကြေညာချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မထောက်ခံဘဲ နုတ်ထွက်ခဲ့မှုကြောင့် အစည်းအဝေးသည် အဆင်မပြေစွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။ 

အမေရိကန်က မဟာမိတ်နိုင်ငံများကိုပါ သွင်းကုန်ခွန်များ တိုးကောက်ခြင်းကြောင့် မဟာမိတ်နိုင်ငံများကလည်း အမေရိကန်ကို တန်ပြန်အခွန်တိုးကောက်ရန် စီစဉ်နေခြင်းကြောင့် တင်းမာမှုများ ဖြစ်ပွားကာ ၇ နိုင်ငံ အစည်းအဝေးသည် အဆင်မပြေဖြစ်ခဲ့ရသည်။ ပူးတွဲကြေညာချက်တွင် စက်မှုထိပ်သီး ၇ နိုင်ငံသည် စည်းမျဉ်းစည်းကမ်းကို အခြေခံသော ကုန်သွယ်ရေးစနစ် ထူထောင်မည်ဟု ကြေညာထားခြင်းကိုု အမေရိကန်သမ္မတ ထရမ့်က လက်ခံအသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည်။ ဂျီ ၇ အဖွဲ့တွင် ကနေဒါ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျပန်နှင့် ဂျာမနီတို့ ပါဝင်ပြီး ကမ္ဘာ့စီးပွား ၆၀ ရာခိုင်နှုန်းထိကို ကိုယ်စားပြုထားသည်။
    ဇူလိုင် ၁ ရက်မှ စတင်ကာ ဂျီ ၇ မဟာမိတ်နိုင်ငံများက အမေရိကန်ကို တန်ပြန်အခွန်တိုးကောက်မည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုက ပြောသည်။ သမ္မတ ထရမ့်သည် ကိုယ်ကျိုးကြည့် အမျိုးသားဝါဒကို စွဲကိုင်ကာ နိုင်ငံတကာနှင့် မျှတစွာ ကုန်သွယ်ရေးကို မျက်ကွယ်ပြုနေကြောင်း ကနေဒါဝန်ကြီးချုပ် ထရူဒိုက စွပ်စွဲပြောကြားသည်။ 
    အမေရိကန်က မထောက်ခံလျှင်ပင် ဂျီ ၇ နိုင်ငံများအနေဖြင့် ပူးတွဲကြေညာချက်အတိုင်း လက်ခံကျင့်သုံးသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ တာဝန်ရှိသူများက ပြောသည်။ သမ္မတ ထရမ့်သည် ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရန်အတွက် ကနေဒါနိုင်ငံ ကွီးဘတ်ပြည်နယ် လာမယ်ဘာရီမြို့ရှိ ဂျီ ၇ အစည်းအဝေးမှ စောစီးစွာ ထွက်ခွာခဲ့သည်။ 
    ဂျီ ၇ နိုင်ငံများသည် စီးပွားရေးသာမက ပညာရေးပိုင်းတွင်လည်း ကမ္ဘာတစ်ဝန်း အမျိုးသမီးငယ်များ ပညာရေးအတွက် ဒေါ်လာ သန်း ၃၀ဝ၀ ရန်ပုံငွေ စိုက်ထူအသုံးပြုသွားရန် ကတိပြုခဲ့ကြသည်။ လာမည့် ငါးနှစ်အတွင်း ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း နှစ်ထောင်ထိ မတည်သွားမည်ဖြစ်သလို၊ ဗြိတိန်က ဒေါ်လာ သန်း ၂၅၀ ၊ ကနေဒါက ဒေါ်လာ သန်း ၃၁၀ ထိ ထည့်ဝင်ရန် ကတိပြုထားသည်။