တိုကျို ဇွန် ၁၀
ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထားပေါ်၌ လူတစ်ဦးသည် ခရီးသည်များကို ဓားဖြင့် လိုက်ထိုးမှုကြောင့် ခရီးသည်တစ်ဦး သေဆုံးကာ၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဓားဖြင့် လိုက်ထိုးသူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
တိုကျိုမှ အိုဆကာသို့သွားသည့် ရှင်ကန်ဆန် ကျည်ဆန်ရထားပေါ်တွင် ဇွန် ၉ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီက ဖြစ်ပွားခြင်းဖြစ်သည်။ အခင်းဖြစ်ပွားမှုကြောင့် ရထားသည် အိုဒါဝါရာဘူတာတွင် အရေးပေါ်ရပ်ပြီးနောက် ရဲများက ရထားတွဲပေါ် အတင်းတက်ဖမ်းခဲ့ရခြင်း ဖြစ်သည်။ ဓားဖြင့် လိုက်ထိုးမှုဖြစ်ပွားသည့် ရထားပေါ်တွင် ခရီးသည် ၈၀ဝ လိုက်ပါလာသည်။ အမျိုးသား ခရီးသည်တစ်ဦး လည်ပင်းကို ဓားထိုးခံခဲ့ရပြီး ဒဏ်ရာများဖြင့် ဆေးရုံတင်ခဲ့သော်လည်း အသက်မကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ကျန် ဒဏ်ရာရသူ နှစ်ဦးမှာ အမျိုးသမီးများ ဖြစ်သည်။ ဓားဖြင့်လိုက်ထိုးသူ အမျိုးသားမှာ အသက် ၂၂ နှစ်အရွယ် အီဟီရို ကိုဂျီမာ ဟု ရဲမှတ်တမ်းအရ သိရသည်။ ကိုဂျီမာသည် ဓားတစ်ချောင်းမက ယူဆောင်လာကာ ရထားပေါ်တွင် တွေ့ကရာ ခရီးသည်များကို ဓားဖြင့် လိုက်ထိုးခဲ့ခြင်းဖြစ်သည်။
"ဓားနဲ့လိုက်ထိုးနေလို့ ခရီးသည်တွေ အကုန် ကြောက်လန့်တကြား ထွက်ပြေးခဲ့ရတယ်" ဟု အမျိုးသား ခရီးသည်တစ်ဦးက မိုင်နီချီ ရှင်ဘွန် သတင်းစာသို့ ပြောသည်။
ဂျပန်တွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုး ရှားပါးပြီး ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် ယခုလို အကြမ်းဖက်ရာဇဝတ်မှုမျိုး ဖြစ်ပွားနှုန်း အနည်းဆုံးနိုင်ငံလည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ကျည်ဆန်ရထားပေါ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် မီးရှို့သတ်သေခဲ့ဖူးသည်။ ရထားတွဲထဲတွင် မီးလောင်ကာ မီးခိုးမွှန်မှုကြောင့် အခြားသော အမျိုးသမီး ခရီးသည်တစ်ဦးလည်း သေဆုံးပြီး၊ လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ဖူးသည်။

















