ဗာတီကန်စီးတီး ဇွန် ၁၀
အမေရိကန်နိုင်ငံဆိုင်ရာ ဗာတီကန် သံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူကို သက်ငယ်လိင်ညစ်ညမ်းဓာတ်ပုံများ လက်ဝယ်ပိုင်ဆိုင်ထားမှုဖြင့် ရုံးတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဗာတီကန်က ထုတ်ပြန်ပြောကြားလိုက်သည်။
မွန်ဆီညော် ကာလို အဲဘာတို ကာပဲလာကို ဇွန် ၂၂ ရက်တွင် ဗာတီကန်၌ စတင်ပြီး ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဗာတီကန်၏ သံအမတ်တစ်ဦးသည် သက်ငယ်လိင်ညစ်ညမ်းဥပဒေနှင့် ငြိစွန်းနေဖွယ်ရှိကြောင်း အမေရိကန်အစိုးရက ဗာတီကန်ကို အကြောင်းကြားခဲ့ပြီးနောက်တွင် ၂၀၁၇ စက်တင်ဘာ၌ ဗာတီကန်က မွန်ဆီညော် ကာပဲလာကို ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ မွန်ဆီညော် ကာပဲလာသည် အိန္ဒိယနှင့် ဟောင်ကောင်တို့တွင်လည်း ဗာတီကန် သံတမန်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့တာဝန်ချခံရသည်မှာ တစ်နှစ်မပြည့်မီ ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
မွန်ဆီညော် ကာပဲလာကို အမေရိကန်တွင် တရားစီရင်နိုင်ရန်အတွက် သံတမန် အကာအကွယ်ကို ရုပ်သိမ်းပေးရန် အမေရိကန်အစိုးရက ဗာတီကန်ကို အကြောင်းကြားခဲ့သော်လည်း ဗာတီကန်က ရုပ်သိမ်းပေးခြင်းမရှိဘဲ မွန်ဆီညော် ကာပဲလာကို ဗာတီကန်သို့သာ ပြန်ခေါ်ယူကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ပြန်ခေါ်ယူပြီး မကြာမီမှာပင် ကနေဒါကလည်း မွန်ဆီညော် ကာပဲလာကို သက်ငယ်လိင်ညစ်ညမ်း အကြောင်းအရာများ အွန်လိုင်းတွင် ဖြန့်ဝေမှုဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။
ယခုအမှုသည် ဗာတီကန် ရင်ဆိုင်နေရသည့် လိင်အမြတ်ထုတ်မှု စွပ်စွဲချက်များအနက်မှ တစ်ခုသာ ရှိသေးသည်။ ပြီးခဲ့သည့် မေလကလည်း ချီလီတွင် ကတ်သလစ် ဘုန်းတော်ကြီးများ ပြီးခဲ့သည့် နှစ်များစွာအတွင်း ကျူးလွန်ခဲ့သည့် သက်ငယ်လိင်အမြတ်ထုတ်မှု အရှုပ်တော်ပုံများကြောင့် ချီလီ ဘစ်ရှော့ ၃၄ ဦးထိက ရာထူးမှ နုတ်ထွက်လိုကြောင်း ထုတ်ပြန်ကြေညာခဲ့ကြသည်။
ဩစတြေးလျတွင်လည်း ကတ်သလစ် ဘုန်းတော်ကြီး အဒဲလိုင်ဒီ ဖိလစ် ဝီလ်ဆင်သည် ၁၉၇၀ ပြည့်နှစ်များက သက်ငယ်လိင်အမြတ်ထုတ်မှုများ ဖုံးဖိထားခဲ့မှုဖြင့် မေလတွင် ပြစ်မှုထင်ရှားခဲ့သည်။ ၂၀၁၃ ခုနှစ်ကလည်း ဗာတီကန်သည် ဒိုမီနီကပ်ရီပတ်ဘလစ်သို့ စေလွှတ်ထားသည့် သံတမန် ဂျိုးဆက်ဖ် ဝီဆိုလိုစကီကို ပြန်လည်ခေါ်ယူကာ သက်ငယ်လိင်အမြတ်ထုတ်မှုများဖြင့် စစ်ဆေးခဲ့ရသည်။ ဝီဆိုလိုစကီသည် အမှုမရင်ဆိုင်ရသေးမီ ၂၀၁၅ ခုနှစ်တွင် သေဆုံးခဲ့သည်။

















