မော်စကို ဇွန် ၁ဝ
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့သည် ၎င်းတို့ နှစ်ဦးတွေ့ဆုံရန်နေရာအဖြစ် သြစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာကို ရွေးချယ်ဖွယ်ရှိနေကြောင်း ရုရှားအစိုးရက ဇွန် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပူတင်နှင့်ထရမ့်တို့သည် မတ်လတွင်း ဖုန်းပြောဆိုစဉ် တွေ့ဆုံမည့်နေရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ပူတင်၏ပြောခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က သတင်းထောက်များအား ပြောဆိုခဲ့သည်။ ထိပ်သီးတွေ့ဆုံပွဲအတွက် တိကျသောသဘောတူညီမှုနှင့် အစီအစဉ်များ မရှိသေးကြောင်း ပက်စ်ကော့ဗ်က တရုတ်နိုင်ငံ ချင်ဒို၌ ပြောဆိုခဲ့သည်။
ချင်ဒို၌ပြုလုပ်နေသည့် ဒေသဆိုင်ရာထိပ် သီးအစည်းအဝေးတစ်ခုကို ပူတင်က တက်ရောက်နေခြင်းဖြစ်သည်။ ပူတင်နှင့် သြစတြီးယားဝန်ကြီးချုပ် ဇီဘက်ရှန်းကုဇ်တို့ မကြာသေးမီ ရက်ပိုင်းအတွင်းတွေ့ဆုံစဉ် ထရမ့်နှင့်ပူတင်တွေ့ဆုံပွဲကို ဗီယင်နာ၌ ကျင်းပလျှင် သင့်လျော်နိုင်ခြေရှိမရှိကို ဆွေးနွေးခဲ့ကြောင်း ပက်စ်ကော့ဗ်က ပြောဆိုခဲ့သည်။
ရုရှားနှင့် အမေရိကန်တို့သည် ထိပ်သီးဆွေးနွေးပွဲအတွက် ဦးစွာသဘောတူညီမှုယူရ ဦးမည်ဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောဆိုခဲ့သည်။
















