ပေကျင်း ဇွန် ၁ဝ
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိမရှိကို မြို့များ၊ ဒေသများသို့ ချဲ့ထွင်မှုပြုလုပ်မည်ဖြစ်ပြီး ယင်းစစ်ဆေးမှုသည် ဇွန်မှလာမည့်နှစ်ဧပြီအထိ ကြာမြင့်မည်ဖြစ်ကြောင်း တရုတ်ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန (အမ်အီးအီး) က ဇွန် ၉ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ကနဦးတွင် ပေကျင်း၊ တီယန်ကျင်း၊ ဟဲဘေးနှင့် ပတ်ဝန်းကျင်ဒေသများတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ယခုနှစ်ဇွန် ၁၁ မှစပြီး ၂ဝ၁၉ ခုနှစ် ဧပြီ ၂၈ ရက်အထိ ရှန်ဟိုင်း၊ ချန်းဆု၊ ကျဲချင်းနှင့် အန်ဟွီခရိုင်များအပါအဝင် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၊ နိုင်ငံအနောက် မြောက်ပိုင်းရှိ ရှန်ရှီနှင့် ရှာအန်းရှီခရိုင်များရှိ မြို့ ၁၁ မြို့တို့အထိချဲ့ထွင်ကာ စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။ စစ်ဆေးသူ ၁၈ဝဝဝ ဦးနှင့် ထောက်ပံ့ရေးဝန်ထမ်းများပါဝင်သော အဖွဲ့ ၂ဝဝ ကို အဆိုပါဒေသများသို့စေလွှတ်မည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်လုပ်ဆောင်ရန် တားမြစ်ကန့်သတ်မှုများကြောင့် တရုတ်စီးပွားရေးတိုးတက်မှု ထိခိုက်ခဲ့သည်။ စက်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့်မြေအသုံးပြုသည့်ကဏ္ဍများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိကို တိုးမြှင့်စစ်ဆေးမည်ဖြစ်ကြောင်း အမ်အီးအီး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

















