မြင်းခြံဆေးရုံမှ မွေးကင်းစကလေးငယ်ကို ခိုးယူခဲ့သည့်အမျိုးသမီးအား ရန်ကုန်အဝင် အမှတ် (၃) လမ်းဆုံတွင် ဖမ်းမိ

မြင်းခြံဆေးရုံမှ မွေးကင်းစကလေးငယ်ကို ခိုးယူခဲ့သည့်အမျိုးသမီးအား ရန်ကုန်အဝင် အမှတ် (၃) လမ်းဆုံတွင် ဖမ်းမိ

 မြင်းခြံဆေးရုံမှ မွေးကင်းစကလေးငယ်ကို ခိုးယူခဲ့သည့်အမျိုးသမီးအား မြင်းခြံမြို့မရဲစခန်းနှင့် အမြန်လမ်းရဲတပ်ဖွဲ့ တို့ ပူးပေါင်းကာ ဇွန် ၁၁ ရက်က ဖမ်းဆီးခဲ့ကြောင်း အမြန်လမ်း အမှတ် (၃) ရဲစခန်းမှ သိရသည်။ 

'' ဒီမနက် ၃ နာရီလောက်မှာ ကျွန်တော်တို့ သတင်းအရ ပိတ်ဆို့ ဖမ်းဆီးခဲ့တာပါ။ အခု မြင်းခြံရဲစခန်း ကို ပြန်လည် လွှဲပြောင်းပေးလိုက်ပါပြီ။ လိုအပ်တဲ့ အမှုကိစ္စကို သူတို့က ဆက်ပြီး ဆောင်ရွက်သွားမှာပါ" ဟု အမြန်လမ်းမ အမှတ်(၃) လမ်းဆုံ ရဲစခန်းမှူး ရဲအုပ်အောင်သိန်းဦးက ပြောသည်။ 
ကလေးခိုးယူသူ အမျိုးသမီးမှာ ဇွန် ၁၀ ရက်က မြင်းခြံဆေးရုံမှ မွေးကင်းစကလေးငယ်ကို ခိုးယူခဲ့ပြီး ရန်ကုန်သို့ရွှေမန်းသူ ယာဉ်လိုင်းဖြင့် တိမ်းရှောင်ထွက်ပြေးစဉ် အမြန်လမ်းမကြီး (၁၁)မိုင်ဂိတ် အမှတ် (၃)လမ်းစုံတွင် ခိုးယူခံရသည့် ကလေးနှင့်အတူ ကလေးခိုးယူသူ အမျိုးသမီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
" လောလောဆယ် အမှုစစ်အဖွဲ့ တွေနောက်ကလိုက်သွားတယ်။ ပြန်မလာသေးဘူး၊ ကလေးခိုးတဲ့ အမျိုးသမီးကို အမြန်လမ်းရဲတပ်ဖွဲ့စခန်းက ရန်ကုန်ဝင်ခါနီးမှာ ဖမ်းမိခဲ့တယ်။ ဘာကြောင့် ခိုးတယ်ဆို တာတော့မသိရသေးဘူး။ ဒီရောက်မှအသေးစိတ်စစ်ဆေးရမှာပါ" ဟု မြင်းခြံမြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြောသည်။ 
ကလေးခိုးယူသူ(စိစစ်ဆဲ)နှင့်ပတ်သက်ပြီး မြင်းခြံမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃ အရ အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။