တော်ရွန်တို ဇွန် ၁ဝ
ကနေဒါနိုင်ငံတွင် ကျင်းပသည့် စက်မှုထိပ်သီးခုနစ်နိုင်ငံ ဂျီ-ဆဲဗင်းအစည်းအဝေး အပြီးသတ်ပူးတွဲကြေညာချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မထောက်ခံဘဲ နုတ်ထွက်ခဲ့မှုကြောင့် အစည်းအဝေးကို အဆင်မပြေစွာပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆင်မပြေ
အမေရိကန်က မဟာမိတ်နိုင်ငံများကိုပါ သွင်းကုန်ခွန်များတိုးကောက် ခြင်းကြောင့် မဟာမိတ်နိုင်ငံများကလည်း အမေရိကန်ကို တန်ပြန် အခွန်တိုးကောက်ရန်စီစဉ်နေသဖြင့် တင်းမာမှုများဖြစ်ပွားကာ ခုနစ် နိုင်ငံအစည်းအဝေးသည် အဆင်မပြေဖြစ်ခဲ့ရသည်။ ပူးတွဲကြေညာချက်တွင် စက်မှုထိပ်သီးခုနစ်နိုင်ငံသည် စည်းမျဉ်းစည်းကမ်းကိုအခြေခံသော ကုန်သွယ်ရေးစနစ်ထူထောင်မည်ဟု ကြေညာထားခြင်းကို အမေရိကန်သမ္မတထရမ့်က လက်ခံအသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ သည်။ ဂျီ-ဆဲဗင်းအဖွဲ့တွင် ကနေဒါ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျပန်နှင့်ဂျာမနီတို့ပါဝင်ပြီး ကမ္ဘာ့စီးပွားရာခိုင်နှုန်း ၆ဝ အထိကို ကိုယ်စားပြုထားသည်။
ဇူလိုင် ၁ ရက်မှစတင်ကာ ဂျီ-ဆဲဗင်းမဟာမိတ်နိုင်ငံများက အမေရိကန်ကို တန်ပြန်အခွန်တိုးကောက်မည်ဖြစ်ကြောင်း၊ သမ္မတထရမ့်သည် ကိုယ်ကျိုးကြည့်အမျိုးသားဝါဒကိုစွဲကိုင်ကာ မျှတစွာကုန်သွယ်ရေးကို မျက်ကွယ်ပြုနေကြောင်း ကနေဒါဝန်ကြီးချုပ်ထရူဒိုက စွပ်စွဲခဲ့သည်။
အမေရိကန်က မထောက်ခံလျှင်ပင် ဂျီ-ဆဲဗင်းနိုင်ငံများအနေဖြင့် ပူးတွဲကြေညာချက်အတိုင်း လက်ခံကျင့်သုံးသွားမည်ဖြစ်ကြောင်း ဗြိတိန် အစိုးရတာဝန်ရှိသူများက ပြောသည်။ သမ္မတထရမ့်သည် ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရန်အတွက် ကနေဒါနိုင်ငံ ကွီးဘတ်ပြည်နယ် လာမယ်ဘာရီ မြို့ရှိ ဂျီ-ဆဲဗင်းအစည်းအဝေးမှ စောစီးစွာထွက်ခွာခဲ့သည်။
ဂျီ-ဆဲဗင်းနိုင်ငံများသည် ကမ္ဘာတစ်ဝန်းအမျိုးသမီးငယ်များ ပညာ ရေးအတွက် ဒေါ်လာသန်း ၃ဝဝဝ ရန်ပုံငွေစိုက်ထူအသုံးပြုသွားရန် ကတိပြုခဲ့ကြသည်။ လာမည့်ငါးနှစ်အတွင်း ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၂ဝဝဝ၊ ဗြိတိန်က ဒေါ်လာသန်း ၂၅ဝ ၊ ကနေဒါက ဒေါ်လာ သန်း ၃၁ဝ အထိထည့်ဝင်ရန် ကတိပြုထားသည်။
















