လေအားလျှပ်စစ်တာဝါတိုင် ဆိုင်းကြိုးပြတ်ပြိုလဲသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

လေအားလျှပ်စစ်တာဝါတိုင် ဆိုင်းကြိုးပြတ်ပြိုလဲသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

အထက်မင်းလှမြို့ ရေနံမကျေးရွာအနီး လေအားလျှပ်စစ်တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်း ခွင် တွင် တာဝါတိုင်ဆိုင်းကြိုးပြတ်ပြိုလဲခဲ့ပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၁၁ ရက် က ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ ရေနံမကျေးရွာ ၏အနောက်မြောက်ဘက်(၅)မိုင်ခန့်အကွာရှိ တောင်ကုန်းတွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် Infra Capital Myanmar(ICM) စင်ကာပူ အခြေစိုက်လေအားလျှပ်စစ်ကုမ္ပဏီတို့ ပူးပေါင်း ဆောင် ရွက် လျက်ရှိသည့် လေအားလျှပ်စစ်တာဝါတိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လျှပ်စစ်တာဝါတိုင်ဆိုင်းကြိုးပြတ်ပြိုလဲကျခဲ့သဖြင့် လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ ရေနံမတိုက်နယ်ဆေးရုံသို့ တင်ပို့ ကုသထားရကြောင်းသတင်းအရ ရေနံမနယ်မြေရဲစခန်းမှ ရဲအုပ်သက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့သည်။ 
ဒဏ်ရာရရှိသူများမှာ လပွတ္တာမြို့နယ် စင်္ကြန်ကျေးရွာနေထိုင်သူ အလုပ်သမား ခေါင်းဆောင် မျိုးဦးနှင့် တွံ့တေးမြို့နယ် တလုပ်ထော် ကျေးရွာနေထိုင်သူ မြတ်သူ(ခ)ဇော်ထွန်းတို့ ၂ ဦးဖြစ်ပြီး တာဝါတိုင်(၄) ဆက်အမြင့်(၄၂)ပေ(၁၀)လက်မခန့်သို့ စတီးကြိုးဆိုင်းတပ်ဆင်ရန်အတွက် တက်ရောက်ခဲ့ပြီး ပြန် လည်ဆင်း လာစဉ် တာဝါတိုင်အမြင့်ပေ(၂၀)ခန့်အရောက်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်သဖြင့် တာဝါတိုင်မြောက်ဘက်မှ ယာယီဆိုင်းကြိုး ပြတ်တောက်လဲကျခဲ့သည်။ 
ထိုသို့ဖြစ်ပွားစဉ် မျိုးဦးနှင့်မြတ်သူ(ခ)ဇော်ထွန်းတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရေနံမတိုက်နယ်ဆေးရုံသို ့ပို ဆောင်ခဲ့ပြီး အလုပ်သမားခေါင်းဆောင် မျိုးဦးမှာ ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများကြောင့် အသက်ရှုကြပ်မှုဖြစ်ပွားကာ မကွေးဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ညနေ ၄ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့သည်။ 
ရေနံမနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁/၁၈)အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။