ဒေါ်လာအတုပြုလုပ်ရာတွင်သုံးသည့် စာရွက်ထုပ်များ ဒလမြို့နယ်ရဲစခန်းကို အပ်နှံမှုနှင့်ပတ်သက်ပြီး စစ်ဆေးနေ

ဒေါ်လာအတုပြုလုပ်ရာတွင်သုံးသည့် စာရွက်ထုပ်များ ဒလမြို့နယ်ရဲစခန်းကို အပ်နှံမှုနှင့်ပတ်သက်ပြီး စစ်ဆေးနေ

အမေရိကန်ဒေါ်လာငွေများအတုပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်ထုပ်များကို ရဲစခန်းသို့ လာရောက်အပ်နှံခဲ့မှု ဒလမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဇွန် ၁၀ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။ 

တွံတေးမြို့နယ်နေ ဦးဇော်မိုးလွင်သည် ဇွန် ၉ ရက်က ဒလမြို့မရဲစခန်းသို့ ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ အတုပြုလုပ်ခဲ့သည့် စာရွက်စာထုပ်များထည့်ထားသည့် လက်ဆွဲအိတ်သေတ္တာ တစ်လုံးကို လာရောက်အပ်နှံခဲ့ကြောင်း၊ အဆိုပါ လက်ဆွဲအိတ်အတွင်း၌ ဂွမ်းများခင်းထားကာ အဖြူ ရောင်အမှုန့်များ ဖြူးထားပြီး အမေရိကန်နိုင်ငံ အလံရုပ်ပုံနှင့် United States Minting and Printing Authority $ 10000.00 စာတမ်းပါ စက္ကူဖြင့်ပတ်လျက် အလျား(၆.၄)လက်မ၊ အနံ(၂.၆)လက်မခန့်ရှိ ပိုင်းဖြတ်ထားသော အနက်ရောင်စက္ကူ(၁၀ဝ)ရွက်ပါ(၅၈)အုပ်နှင့် (၇၈)ရွက်ပါ (၁)အုပ်တို့အား တွေ့ရှိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။ 
အဆိုပါသေတ္တာလာရောက်အပ်နှံသူ ဦးဇော်မိုးလွင်ကို သက်ဆိုင်ရာက စစ်ဆေးချက်အရ လုပ်ငန်းကိစ္စ ဖြင့် နိုင်ငံခြားသား ၂ ဦးနှင့်ရင်းနှီးခဲ့ပြီး မေ ၂၇ ရက်တွင် ၄င်းတို့က အဆိုပါသေတ္တာကို နေအိမ်သို့ ယူဆောင်လာခဲ့ကြောင်း ၎င်းတို့(၂)ဦးက သေတ္တာအတွင်းရှိ စက္ကူ(၅)ရွက်ကို ဆေးရည်ဖြင့် စိမ်ပြီး ဆပ်ပြာဖြင့် ဆေးပြစဉ် အမေရိကန် ဒေါ်လာ(၁၀ဝ)တန်များ ဖြစ်လာသည်ကိုတွေ့ရကြောင်း ဆိုသည်။ 
ထို့နောက် ၄င်းတို့က ဒေါ်လာအတုပြုလုပ်သည့် ဆေးရည်ကုန်သွားသဖြင့် စက္ကူများထည့်ထားသည့် သေတ္တာကို၎င်းထံအပ်နှံထားခဲ့ပြီး မေ ၃၁ ရက်တွင် လိုအပ်သော ဆေးရည်ကို နိုင်ငံခြားမှ သယ်ဆောင်မည်ဖြစ်၍ ဆေးရည်သယ်ဆောင်သည့် အခွန်ဆောင်ရန်ဟု ပြောဆိုကာ ၎င်းထံမှ ငွေကျပ် သိန်း၄၀ယူဆောင်သွားခဲ့ကြောင်း ၎င်းတို့ထွက်သွားပြီးနောက် လိမ်လည်သွားသည်ကို သိရှိ ရသော ကြောင့် အဆိုပါလက်ဆွဲအိတ်သေတ္တာအား ရဲစခန်းသို့ လာရောက်အပ်နှံခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာတိုင်းမ်က ဒလမြို့မရဲစခန်းသို့ ဇွန် ၁၁ ရက်တွင် ဆက်သွယ်မေးမြန်းရာ စုံစမ်းစစ်ဆေးအဆင့်သာဖြစ်ခြင်းကြောင့် ယင်းကိစ္စကို ပြောဆို၍ မရကြောင်း တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားခဲ့သည်။