မူဆယ်မြို့သိန်းသန်းချီကားကြီးဝင်းအတွင်းသေနတ်ဖြင့်ပစ်ဖောက်ခဲ့မှုဖြစ်ပွားခဲ့ပြီးနောက် ဂိမ်းလောင်း ကစားရုံကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့နှင့် တပ်မတော်သားများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇွန် ၁၁ ရက်က သတင်းထုတ်ပြန်သည်။
ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် သိန်းသန်းချီ ကားဝင်း အတွင်းမှ သေနတ်ပစ်ဖောက်သံ ၂/၃ ချက်ကြားရကြောင်း သတင်းအရ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ ဝင်များနှင့် တပ်မတော်သားများပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါ ကားကြီးဝင်းအတွင်းရှိ အားယုံ(၃၉)နှစ်ပိုင် 889 အမည်ရှိ ဂိမ်းလောင်းကစားရုံမှ အလုပ်သမား မချစ်မြတ်နိုး(စိစစ်ဆဲ)နှင့် ဂိမ်းလာ ရောက်ကစားသူ အမျိုးသား ၁ ဦး(စိစစ်ဆဲ)တို့ စကားများ၍ မချစ်မြတ်နိုးမှ အဖွဲ့အစည်း(စိစစ်ဆဲ)သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ထိုသို့ အကြောင်းကြားပြီးနောက် လူ ၃ ဦးခန့် မော်တော် ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ရှေ့ လမ်းပေါ်မှ မိုးပေါ်သို့ သေနတ် ၂/၃ ချက် ပစ်ဖောက်ကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ရဲတပ်ဖွဲ့နှင့်တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ည ၈ နာရီ အချိန်တွင် အဆိုပါ ဂိမ်းလောင်းကစားရုံကို ဝင်ရောက်ရှာဖွေရာ မစုစုလှိုင်(၂၃)နှစ်ပါ မ ၄ ဦးတို့ကို ဂိမ်းလောင်း ကစားရာတွင် အသုံးပြုသည့် ငါးဂိမ်းစက် ၁၀ လုံး၊ ခြောက်ကောင်ဂျင်အန်စာတုံး ၆ တုံး၊ ဖဲထုပ်များ၊ ဂိမ်းဆိုင် လက်ဆောင် ကတ် ၁၀,ဝ၀ဝ ကျပ်တန် ၈၀ ကတ်၊ ၅,ဝ၀ဝ ကျပ်တန် ၈၀ ကတ်၊ ၃,ဝ၀ဝ ကျပ်တန် ၅၀ ကတ်၊ လောင်းကြေး ငွေ ၁,၄၀၁,၈၀ဝ ကျပ်၊ လက်ကိုင်ဖုန်းမျိုးစုံ ၄၇ လုံး၊ လက်ပတ်နာရီမျိုးစုံ ၈ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ နှင့်အတူ တွေ့ရှိသိမ်းဆည်းအရေးယူ ခဲ့သောကြောင့် ဂိမ်းဆိုင် ပိုင်ရှင် အားယုံနှင့် မစုစုလှိုင်ပါ ၅ ဦး(ဖမ်းမိ)တို့ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မူဆယ်မြို့မရဲစခန်း (ပ)၂၀၅/၁၈၊ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က)အရ အမှုဖွင့်စစ်ဆေးလျက်ရှိ သည်။

















