အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ ဒုတိယဦးစီးမှူး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ခဲ့သည် ဆိုမှုဖြင့် တရားစွဲဆိုတင်ပို့ခဲ့သည့် မျိုးဇော်ဦး(ခ) ဆီဒိုးနား၏ အမှုကို ဇွန်လ ၁၈ ရက်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲ ချက်ကြားနာသွားမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံး၊ ပြန်ကြားရေးအရာရှိ ဦးထွန်းထွန်းဦးက ဇွန် ၁၁ ရက် ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောသည်။
ယနေ့ ရုံးချိန်းတွင် မျိုးဇော်ဦး(ခ) ဆီဒိုးနားအပေါ် စွဲဆိုထားသည့် စွဲချက်နှင့်ပတ်သက်၍အပြီးသတ် လျှောက်လဲချက်ကြားနာရန် ချိန်းဆိုခဲ့သော်လည်းတရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိက စွဲချက်တင်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂ (၁)(ဂ) အပြင် မုဒိမ်းမှု၊ ဓမ္မတာနှင့်ဆန့်ကျင်ကာ ကာမဆက်ယှက်မှု ပုဒ်မ တို့ဖြင့် ထပ်တိုးပေးရန်နှင့် အမှုကို ခေတ္တ ဆိုင်းငံ့ပေးရန် ရုံးတော်သို့ လျှောက်ထားခဲ့သည်။
အဆိုပါလျှောက်ထားမှုနှင့်ပတ်သက်၍ မူလစွဲချက်တင်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)/(ဂ) မှာ အဆိုပါ ထပ်တိုးတောင်းဆိုသည့် ပုဒ်မများနှင့်အကျုံးဝင်ခြင်းကြောင့် ခရိုင်တရား သူကြီးက ပုဒ်မထပ်တိုးလျှောက်ထားမှုကို ပလပ်ကြောင်း ချက်ချင်းအမိန့်ချမှတ်ခဲ့ပြီး စစ်ဆေးကြားနာမှုကို ခေတ္တရပ်ဆိုင်းရန် လျှောက်ထားခဲ့ရာ ၄င်းတွင် အခွင့်အာဏာ မရှိသဖြင့် ကြားရက် ၄ ရက် အတွင်း တိုင်းတရားရုံးသို့ ပုဒ်မထပ်တိုးကြောင်း ပြင်ဆင်ချက်တင်ရန် ညွှန်ကြားခဲ့ကြောင်း မျိုးဇော်ဦး(ခ) ဆီဒိုးနား၏ ရှေ့နေ ဦးမောင်မောင်စိုး ကပြောသည်။
“ တရားသူကြီးအနေနဲ့ကတော့ ဆိုင်းငံ့ခွင့်ကို ပယ်ပြီးဖြစ်ပါတယ်။ အပြီးသတ်လျှောက်လဲချက် ကို ဇွန် ၁၈ ရက်မှာ ကြားနာမယ် " ဟု ဦးထွန်းထွန်းဦးက ပြောသည်။
အမှုဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက် နံနက်၇ နာရီခွဲက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ် ချောင်းကူးတံတားဘေး ကုလားမန်ကျည်းပင်အောက်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများ ရရှိကာ လဲကျသေဆုံးနေကြောင်း သတင်းအရ မြောက်ဒဂုံခေတ္တမြို့မ ရဲစခန်းမှူးနှင့်အဖွဲ့တို့မှ သွားရောက် စစ်ဆေးရာ ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး အမျိုးသမီးကိုတွေ့ရှိခဲ့ပြီး မြောက်ဒဂုံမြို့မ ရဲစခန်းက (ပ)၈၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့ကာ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ မျိုးဇော်ဦး(ခ) ဆီဒိုးနားကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် မင်္ဂလာဈေးတွင် ဖမ်းဆီးရမိခဲ့ကာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

















