အိန္ဒိယ၌ WhatsApp မှတစ်ဆင့် ကလေးပြန်ပေးဆွဲသူများဟု ကောလာဟလပြန့်၍ လူ ၂ ဦး အသတ်ခံရပြီး ၁၆ ဦး အဖမ်းခံခဲ့ရ

အိန္ဒိယ၌ WhatsApp မှတစ်ဆင့် ကလေးပြန်ပေးဆွဲသူများဟု ကောလာဟလပြန့်၍ လူ ၂ ဦး အသတ်ခံရပြီး ၁၆ ဦး အဖမ်းခံခဲ့ရ

နယူးဒေလီ    ဇွန် ၁၁
    အိန္ဒိယနှင့် စာတိုနှင့် အသံဖိုင်များ ပေးပို့နိုင်သည့် WhatsApp မှတစ်ဆင့် ကလေးပြန်ပေးဆွဲသူများဟု ကောလာဟလ ပြန့်နှံ့ခဲ့ပြီးနောက် လူ ၂ ဦးကို ဒေါသထွက်နေသည့်လူအုပ်က ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကာ ယင်းအတွက် လူ ၁၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ ရွာတစ်ရွာသို့ သွားရောက်လည်ပတ်သူ အသံဖမ်းအင်ဂျင်နီယာတစ်ဦးနှင့် ဒစ်ဂျစ်တယ်အနုပညာရှင်တစ်ဦးကို အထင်လွဲနေသည့် လူအုပ်က သေသည်အထိ ရိုက်သတ်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် အိန္ဒိယတစ်ဝန်း WhatsApp မှတစ်ဆင့် ကလေးပြန်ပေးဂိုဏ်းဟု ကောလာဟလ ပြန့်ပွားမှုကြောင့် ဖြစ်ပွားသည့် နောက်ဆုံးသတ်ဖြတ်မှုတစ်ခုဖြစ်သည်။ လွန်ခဲ့သည့်လအတွင်း ယင်းကဲ့သို့ ကောလာဟလကြောင့် လူ  ၆ ဦး အသတ်ခံခဲ့ရပြီးဖြစ်သည်။
    လူမှုကွန်ရက်တွင် စတင်ပြန့်ပွားသည့် ကောလာဟလများရပ်တန့်အောင် အချိန်ယူရကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ ရဲများသည် သတင်းမှားဖြန့်ဝေသည့် လူမှုကွန်ရက်များကို ဆက်လက်စောင့်ကြည့်နေကြောင်းလည်းပြောသည်။ ဇွန် ၁၀ ရက်တွင် ဂူဝါတီမြို့လမ်းများပေါ်တွင် ကျောင်းသားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက သတ်ဖြတ်မှုများအတွက် ချီတက်ဆန္ဒပြခဲ့ကြသည်။ ပြည်နယ်အစိုးရက ကောလာဟလများ တန်ပြန်ရန် အထူးသီးသန့်ထိန်းချုပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ယခုနောက်ဆုံးဖြစ်ရပ်အတွက် ကောလာဟလသည် မည်ကဲ့သို့အစပြုခဲ့မှန်း မသဲကွဲသေးပေ။ သို့သော် အိန္ဒိယတွင် ဒေါသထွက်နေသည့်လူအုပ်က တစ်ဘက်သတ်စီရင်ဆုံးဖြတ်သည့် အဖြစ်အပျက်များ ယခင်ကလည်း ရှိခဲ့ဖူးသည်။